နေပြည်တော် ၅ ဇွန် 

 


၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ 

 


ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခုဆွေးနွေးပွဲသည် လေထုညစ်ညမ်းမှုကြောင့် လက်ရှိကြုံတွေ့နေရသည့် အသက်ဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေးဆုံးရှုံးမှုများအပေါ် ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးတို့အတွက် အားလုံးပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်လုပ်ငန်းများအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 


လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစက်မှု လုပ်ငန်းများ၊ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် အားလုံးစုပေါင်းဆောင်ရွက်မှုဖြင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန် ရည်ရွယ်ပြီး ယခုစကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည့် ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် အဖိုးတန် သယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် မြန်မာနိုင်ငံ၏  ပြောင်းလဲလာသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ခိုင်မာသည့် ရေရှည်မူဝါဒ၊ မဟာဗျူဟာများချမှတ်ပြီး စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 


မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ၏ မျှော်မှန်းချက်များ အပြည့်အဝရရှိရန်အတွက် နိုင်ငံအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကျေးလက်ဒေသအဆင့်တို့မှ ဆက်စပ်ပတ်သက်သူများအားလုံးနှင့် နိုင်ငံတကာ အသိုက်အဝန်းများအနေဖြင့် အတူတကွ လက်တွဲပါဝင် ဆောင်ရွက်ကြရန် လိုအပ်သလို သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ ဖွံ့ဖြိုးမှုစီမံချက်များ၊ ရေတို၊ ရေရှည် လုပ်ငန်းစဉ်များတွင် ထည့်သွင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ပြီး အဖွဲ့အစည်းအသီးသီးက ပူးပေါင်း တာဝန်ယူဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းပါကြောင်း။

 


ရာသီဥတုပြောင်းလဲမှု၊ လေထုညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီး၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင်ကဏ္ဍအသီးသီးရှိ ဆက်စပ်ပတ်သက်သူများနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်းဖြေရှင်းဆောင်ရွက်မှသာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု အခိုင်အမာယုံကြည်ပါကြောင်း ပြောကြားသည်။

 


ယင်းနောက် မြန်မာနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidt ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Peter Batchelor၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအခြေချနေထိုင်မှု အစီအစဉ်မှ Country Programme Manager Mr. Bijay Karmacharya နှင့် Myanmar Climate Change Alliance (MCCA) ကိုယ်စားလှယ်တို့က အမှာစကား ပြောကြားကြသည်။   

 

 
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈−၂၀၃၀)ကို ရှင်းလင်းတင်ပြသည်။ 

 


မွန်းလွဲပိုင်းတွင် “Air  Pollution” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ Environmental Health Consultant ဒေါက်တာ ဥမ္မာမေတင်လှိုင်က Moderator အဖြစ်ဆောင်ရွက်၍ အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးစခင်ဇော်လင်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဌာနမှူး ဒေါက်တာအောင်မြင့်မော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်တင်သော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကေခိုင်အေးနှင့် စိမ်းလန်းအမိမြေဥက္ကဋ္ဌ ဦးဝင်းမျိုးသူတို့က ဦးဆောင်၍ ဆွေးနွေးခြင်း၊ မေးခွန်းများ အပြန်အလှန် မေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 


ထို့အတူ ရာသီဥတုပြောင်းလဲမှုဆိုင်ရာခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)မှ Program Officer ဦးဟုန်းလိန်းက Moderator အဖြစ်ဆောင်ရွက်ပြီး ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးရည်မွန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကြူကြူစိန်နှင့် RECOFTC မှ ဒေါက်တာမောင်မောင်သန်းတို့က ဦးဆောင်၍ ဆွေးနွေးခြင်း၊ မေးခွန်းများ အပြန်အလှန် မေးမြန်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 


အခမ်းအနားတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများ ပြသခြင်းနှင့် အသိပညာပေးအစီအစဉ်အရ နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများမှ ရှင်းလင်းပြသခြင်းတို့ကို ဆောင်ရွက်သည်။

 


သတင်းစဉ်