နေပြည်တော် ၂၇ ဩဂုတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Department of International Development (DFID) ၏ Business Innovation Facility(BIF) မှ Team Leader, Mr. Sebastien Moineau နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Business Innovation Facility(BIF) အနေနှင့် Department for International Development (DFID) ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများ၊ Myanmar’s Green Gold အဖြစ်တင်စား ခေါ်ဝေါ်နိုင်သည့် ဝါးကိုဒေသခံများမှ စိုက်ပျိုးထုတ်လုပ်ရောင်းချ၍ ဝင်ငွေတိုးတက်ရှာဖွေနိုင်ရေးအတွက် သင်တန်းပေးခြင်း၊ အစုအဖွဲ့ပိုင်ဝါးတောများ တည်ထောင်နိုင်ရေး၊ အဆင့်မြင့်ဝါးထွက်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် နည်းပညာ၊ ရန်ပုံငွေပံ့ပိုးဆောင်ရွက်ပေးမှု စီမံကိန်းဆောင်ရွက်ခဲ့သည့် လားရှိုး၊ တောင်ကြီး၊ ပဲခူး၊ လိပ်သို၊ ထားဝယ်နှင့် မြိတ်ဒေသတို့မှ လုပ်ငန်းအတွေ့အကြုံနှင့် နည်းပညာများ မျှဝေနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ နေပြည်တော်၌ ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်စဉ် စက်တင်ဘာ ၁၈ ရက်တွင် ကျရောက်သည့် World Bamboo Day ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


