နေပြည်တော် ၂၉ ဇွန်

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း မြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအနီးရှိ သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံအခြေစိုက်၊ Worldview International Foundation တို့ပူးပေါင်း၍ ပင်လယ်ကမ်းရိုးတန်းဒေသရှိ ဒီရေတောများထိန်းသိမ်းခြင်း၊ စိုက်ပျိုးပြုစုခြင်း စီမံကိန်းဒီရေတော ပျိုးဥယျာဉ်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဉီးစွာ တာဝန်ရှိသူများက မုတ္တမပင်လယ်ကွေ့ဒေသတွင် ရွှံ့လတ္တာပြင်များ ဖြစ်ထွန်းတည်ရှိနေမှု၊ ၂၀၁၈-၂၀၁၉ခုနှစ် အတွင်း ကန်လျားရှည်(တိုးချဲ့) ကြိုးပြင် ကာကွယ်တောအတွင်း ဧရိယာဟတ်တာ (၅၀)တွင် ဒီရေတောသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်အဖို၊ ဗြူးအုပ်ဆောင်း၊ ကန့်ပလာ၊ သမဲ့ကြီးသစ်စေ့နှင့် ပျိုးပင်စုစုပေါင်း ၁၃၂၉၉၀ ပင် အား အသီးတောင့်တိုက်ရိုက်ချစိုက်ပျိုးခြင်း၊ ပျိုးပင်များပျိုးထောင်၍ ကွက်လက်ဖြည့် စိုက်ပျိုးခြင်း၊ မွန်ပြည်နယ်၊ ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီး များအတွင်း စီမံကိန်းမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 

 

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကမ်းရိုးတန်းဒေသ များတွင် ဒီရေတောများထိန်းသိမ်းကာကွယ်ခြင်း၊ စိုက်ပျိုးပြုစုခြင်းများ အထူးလိုအပ်ပါကြောင်း၊ စီမံကိန်းမှလက်တွေ့မြေပြင်တွင် စိုက်ပျိုးတည်ထောင်ထားမှုများ၊ ထိန်းသိမ်း ကာကွယ်ထားမှုများ၊ လက်တွေ့သရုပ်ပြသနိုင်မည့် သုတေသနတွေ့ရှိချက်များသည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်းပါကြောင်း၊ ဒီရေတောများရှင်သန်ရန်အတွက် ပင်လယ် ဆားငံရေပျော်ဝင်မှုနှုန်းသည် အလွန်အရေးပါကြောင်း၊ ဒေသအတွင်းရေချို ဝင်ရောက်မှု အပေါ်မူတည်ပြီး ပင်လယ်ဆားငံရေပျော်ဝင်မှုနှုန်းသည် ရာသီအလိုက်အတက်၊ အကျရှိကြောင်း၊ ပညာရှင်များအနေဖြင့် ဒီရေတောများ စိုက်ပျိုးတည်ထောင်ရာတွင် ဆားငံရေ ပျော်ဝင်မှုနှုန်းအပေါ်မူတည်ပြီး လိုက်လျောညီထွေရှိမည့် သစ်မျိုးများကို ရွေးချယ်စိုက်ပျိုးရန် အကြံပြုသတိပေးလိုကြောင်း၊ ဆွေးနွေးမှာကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်း၏ပျိုးပင်(၃)သိန်းဆန့် ပျိုးဥယျာဉ် နှင့်၂၀၁၅ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ထားသော ကန်လျားရှည်ကြိုးပြင် ကာကွယ်တော (၄၈၇)ဧကအားကြည့်ရှု့စစ်ဆေးသည်။

 

အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် နော်ဝေနိုင်ငံအခြေစိုက် Worldview International Foundation မှ Secretary General, Mr. Arne Fjortoft နှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံအတွင်း ၂၀၁၉ခုနှစ်မှ ၂၀၂၅ခုနှစ် အထိဒီရေတောများ ပြန်လည်ထူထောင်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးစီမံကိန်းများ ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်နိုင်ရေး အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအနီးရှိ ဒီရေတောများဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ကန်လျားရှည်ကြိုးပြင် ကာကွယ်တော (၄၈၇)ဧက၊ မြစိမ်းသောင်ကြိုးပြင်ကာကွယ်တော (၄၈၆)ဧကတို့ကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း၊ ကန်လျှားရှည်(တိုးချဲ့)ကြိုးပြင်ကာကွယ်တော (၁၅၀၇) ဧကအား ၂၀၁၉ ခုနှစ်တွင် လည်းကောင်း ဖွဲ့စည်းတည်ထောင်ထားကြောင်း သိရသည်။ 

 

(သတင်းစဉ်)