နေပြည်တော် ၈ မေ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H. E. Mr. Tim Enderlin အား ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ အမျိုးသားမြေအသုံးချမှုမူဝါဒ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အမျိုးသားမြေအသုံးချမှုကောင်စီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုနှင့် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုသည့် အခြေအနေ၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် လုပ်ငန်းစီမံကိန်းအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ရေးဆွဲထုတ်ပြန်မည့် အခြေအနေနှင့် အဓိကဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များ၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းများအရ အစီရင်ခံစာများအပေါ် သုံးသပ်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်များ မြန်ဆန်စေရန် ဝန်ထမ်းအင်အား ဖြည့်တင်းခြင်း၊ ကျွမ်းကျင်ပညာရှင်များ ငှားရမ်းဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)