နေပြည်တော် ၃ ဇွန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇွန် ၁ ရက်နံနက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ ပငဆားစီမံကိန်းရှင်းလင်းဆောင်တွင် မွန်ပြည်နယ်အတွင်းရှိ ဆားတောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်-မုဒုံကားလမ်း မိုင်တိုင်အမှတ်(၁၁/ဝ)အနီးရှိ မုဒုံမြို့နယ်၊ တာပတွန်ကျေးရွာရှိ သစ်တောဦးစီးဌာန တာပတွန်ပျိုး ဥယျာဉ်အတွင်း ၂၀၁၉ခုနှစ် မိုးရာသီတွင် လူထုလှုပ်ရှားမှုဖြင့် စိုက်ပျိုးရန် ပျိုးထောင်ထားသော ကျွန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ သင်္ကန်း၊ ကုက္ကိုလ်၊ ခရေနှင့် စွယ်တောပျိုးပင်များ စုစုပေါင်း ပျိုးပင် ၃၄၈၀၃ ပင် ပျိုးထောင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ ပုပွန်(နတ်ကျွန်း) ရပ်ကွက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးသို့ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ရေအရည်အသွေး စမ်းသပ်တိုင်းတာသည့် စက်ပစ္စည်းကိရိယာအပါအဝင် အခြားသော ပတ်ဝန်ကျင်ဆိုင်ရာ အရည်အသွေးများ တိုင်းတာသည့် စက်ပစ္စည်းများထားရှိသည့် ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ စမ်းသပ်စစ်ဆေးခန်းသို့ ကြည့်ရှု့စစ်ဆေးခဲ့ပြီး ပြည်နယ်အတွင်း မြေအောက်ရေများတွင် အာဆင်းနစ်ပါဝင်မှုနှုန်း၊ မြစ်ချောင်းများအတွင်း ပြဒါးပါဝင်မှုနှုန်းတို့အား စမ်းသပ်တိုင်းတာတင်ပြရန် မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်စက်မှုဇုန်အတွင်းရှိ မြန်မာရှင်းရှင်းနှင့် မြန်မာဆန်းဇော် ခနောက်စိမ်းသန့်စင်စက်ရုံများသို့ ရောက်ရှိပြီး စက်ရုံအတွင်းအသုံးပြုသည့် ခနောက်စိမ်းသတ္တုပါဝင်မှု ကုန်ကြမ်းအရည်အသွေးနှင့် ၉၇ ရာခိုင်နှုန်းနှင့်အထက် သန့်စင်ပြီးခနောက်စိမ်းများထုတ်လုပ်ရန် လိုအပ်သော စက်မှုကုန်ကြမ်းသုံး ပစ္စည်းများနှင့် ခနောက်စိမ်းမီးဖုတ်သန့်စင်နေမှု၊ ထုတ်လွှတ်အခိုးအငွေ့များ အနံ့ကင်းစင်ရန် အသုံးပြုလျက်ရှိသည့် Desulfurization ဆောင်ရွက်သည့် Wet Scrubbers (Spray Tower)နှင့် သန့်စင်ပြီး ဈေးကွက်တင်ပို့ရောင်းချရန် ပြင်ဆင်ထားသည့် ခနောက်စိမ်းတုံးများအား ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် လှိုင်းဘွဲ့မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်လုံးနှင့် သစ်ခွဲသားများ စုစုပေါင်း ၁၃၂၇ ဒသမ ၆၄ တန်အား ဘားအံစက်မှုဇုန်အတွင်းသို့ သယ်ဆောင်ထိန်းသိမ်းထားရှိမှုအား စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ နောင်ပလိန်ကျေးရွာအနီး ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေအဖြစ် သတ်မှတ်ထားသည့် က္ကုစ္ဆာသယ သဘာဝ ထုံးကျောက်လှိုဏ်ဂူနှင့် ပတ်ဝန်းကျင်ဒေသ (၇၅) ဧကအား ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂ ရက် နံနက်ပိုင်းတွင် ဘားအံမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့မအမြဲတမ်းပျိုးဥယျာဉ်အတွင်း ၂၀၁၉ခုနှစ် ရေမြေထိန်းသိမ်းရေး စိုက်ခင်းတည်ထောင်ရန် ပြုစုပျိုးထောင်ထားသည့် မန်ဂျန်ရှားစပ်မျိုးများနှင့် ၂၀၁၉ ခုနှစ် မိုးရာသီ လူထုဖြန့်ပျိုးပင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျိုးဥယျာဉ်ခြံစည်းရိုးများတွင် ဗာတီဗာ မြက်များမြေချစိုက်ပျိုးရန်နှင့် ဘားအံမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံးနှင့် ရုံးဝင်းအတွင်း ဖမ်းဆီးရမိသည့် တရားမဝင်သစ်များ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး အမှုပြီးပြတ်ပြီးသစ်များ မြန်မာ့သစ်လုပ်ငန်းသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ မြိုင်ကလေးကြိုး ဝိုင်း၊ အကွက်အမှတ်(၈)အတွင်း ၂၀၁၈ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ပုဂ္ဂလိသစ်မာ မန်ဂျန်ရှားစိုက်ခင်း ဧက(၂၀) စိုက်ပျိုးတည် ထောင်ထားရှိမှု အားစစ်ဆေးကြည့်ရှုခဲ့ပြီး စိုက်ခင်း လုပ်ငန်းများ စနစ်တကျ မှတ်တမ်းများဖြင့် ဆောင်ရွက် ထားရှိရန်နှင့် သေပင်များ ပြန်လည် ဖာထေး စိုက်ပျိုးရန်၊ ခြံပတ်လည်တွင် ဝါးပင်များထည့်သွင်းစိုက်ပျိုးထားရှိရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဘားအံ-သထုံကားလမ်းပေါ်ရှိ၊ ဝါးပါး(ယာယီ)ပျိုးဥယျာဉ်အတွင်း သင်္ကန်းနှင့် ပျဉ်းကတိုးပျိုးပင် စုစုပေါင်း ၉၃၁၇၀ ပင်ပျိုးထောင်ထားရှိမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။ အဆိုပါ ပျိုးပင်များသည် ၂၀၁၉ ခုနှစ်မိုးရာသီတွင် သထုံမြို့နယ်၊ ဓနုကြိုးဝိုင်း အကွက်အမှတ် (၃၂) အတွင်း စိုက်ပျိုးတည်ထောင်မည့် ၁/၂၀၁၉ စီးပွားရေး သစ်မာ စိုက်ခင်း (၇၀)ဧက တည်ထောင်ရန် ပျိုးထောင်ထားသည့် ပျိုးပင်များဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံ-သထုံကားလမ်းပေါ်ရှိ သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီဌာနရုံးအား ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထီရိုးတောင်ပေါ်တွင် စွန့်ပစ်အမှိုက်များ စနစ်တကျစီမံခန့်ခွဲရန်အတွက် ပြည်နယ်အစိုးရနှင့် ကျိုက်ထီးရိုးဘုရား ဂေါပက အဖွဲ့တို့မှ တည်ဆောက်လုပ်ငန်းလည်ပတ်လျှက်ရှိသည့် စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားသည့် စက်ရုံအားကြည့်ရှု့စစ်ဆေးခဲ့ရာ စက်ရုံမန်နေဂျာမှ ပလတ်စတစ်နှင့် စက္ကူအမှိုက်များ ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်ရန် ပြန်လည်သန့်စင်ခြင်း၊ ထုတ်ပိုးခြင်း၊ မီးဖိုချောင်အမှိုက်များ အား သဘာဝမြေသြဇာ ပြုလုပ်ခြင်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုက်ထီးရိုးဘုရားဂေါပကရုံးခန်းအတွင်း ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စက်ရုံမန်နေဂျာနှင့် ဘုရားဂေါပကအဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စွန့်ပစ်ရေများနှင့် စက်ရုံမှ အနံ့အသက်ထွက်ရှိမှုကို ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ သတ်မှတ်ပြဌာန်းထားသည့် စံချိန်စံညွှန်များထက် ကျော်လွန်မှုမရှိစေရေး၊ အထူးသဖြင့် ဘုရားဖူးများလာရောက်မှုများပြားသည့်အချိန်တွင် စွန့်ပစ်အမှိုက်များပမာဏ တိုးမြှင့်လာမည့်အပေါ် လုံလောက်သော စီမံခန့်ခွဲမှုများဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရန် ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)