နေပြည်တော် ၉ ဇွန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် မိတ္တီလာမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက မုန်တိုင်ကြိုးဝိုင်း အကွက်အမှတ်(၄၊၅)အတွင်း စိုက်ပျိုးထားရှိသည့် ကျေးရွာသုံး စိုက်ခင်းဧက ၅၀ ၏ ရှင်သန်အောင်မြင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒဟတ်ပင်များကို ပင်ပူးခွာကိုင်းချိုင်ခြင်းဆောင်ရွက်၍ အနီးဝန်းကျင်ရှိ အကျိုးပြုကျေးရွာများအား ထင်းဝေငှ ခြင်းဆောင်ရွက်ရန်၊ အပူရှိန်ပြင်းထန်မှုကြောင့် ပျက်စီးခဲ့ရသည့် သစ်ပင်များကို သက်တမ်းတူအပင် များဖြင့် ပြန်လည်ဖာထေးစိုက်ပျိုးဆောင်ရွက်ရန်၊ စိုက်ခင်းရှင်သန်ကြီးထွားမှုကိုစံကွက်များ ချမှတ်၍ စာရင်း ကောက်ယူခြင်းဆောင်ရွက်ရာတွင် ဌာနလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် မှတ်တမ်းများကိုလည်း စနစ်တကျထိန်းသိမ်းထားရှိရန်၊ စိုက်ခင်းတာဝန်ခံများ အလုပ်လွှဲပြောင်းရာတွင်လည်း ဆောင်ရွက်ပြီးလုပ်ငန်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များကို တိတိကျကျလွှဲပြောင်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကို၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်တို့နှင့်အတူ မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေး မိုင်တိုင်အမှတ် ၄၈/ဝ အနီးရှိ အထူးစိမ်းလန်း စိုပြည်ရေးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ စိုက်ခင်းသည် မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးတွင်တည်ရှိပြီး ခရီးသွားပြည်သူများ နားခိုစရာနေရာတစ်ခုဖြစ်သည့်အတွက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန်၊ ပူပြင်း ခြောက်သွေ့သော ဒေသဖြစ်သည့်အတွက် မိုးရွာသွန်း၍ မြေအစိုဓာတ်ရသည်နှင့် တစ်ပြိုင်နက် စိုက်ခင်းသစ်စိုက်ပျိုးခြင်း၊ သေပင်ဖာထေးခြင်း ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိရန်၊ ရေစီးကြောင်း၊ ချောင်းငယ်၊ မြောင်းငယ်တို့၏ အထက်ဖက်နှင့် ရေဆင်းမည့် တောင်စောင်းနေရာ များ၌ နုန်းတားတမံငယ်များ ဆောင်ရွက်ထားရှိ ရန်တို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့သို့ ရောက်ရှိကာ သစ်တောဦးစီးဌာန၊ နဘူးတောအမြဲတမ်းပျိုးဥယျာဉ်အား လှည့်လည်ကြည့်ရှုကာ သစ်တောဦးစီးဌာန နှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ သစ်တောလုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အမြစ်ရှည်ပျိုးပင်များ ပျိုးထောင်ခြင်းနည်းပညာကို အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပျိုးဥယျာဉ်များတွင်ပါ လက်တွေ့စမ်းသပ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ညောင်ဦးမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ချောက်ဘုရားလှ အမြဲတမ်း ပျိုးဥယျာဉ်ကို ကြည့်ရှုစစ်ဆေးကာ ပျိုးစင်တွင် ၁၂ ရာသီလုံး ပျိုးပင်မပြတ်စေရေးအတွက် အထူးစိမ်းပျိုးပင်ကြီးများ ပျိုးထောင်ထားရှိရန်၊ နှစ်ချို့ပင်များနှင့် ပျိုးပင်သစ်များဖလှယ်၍ နှစ်ချို့ပင်ကြီးများကို စိုက်ခင်းတည်ထောင်ရာ၌ စိုက်ပျိုးဆောင်ရွက်ရန် တို့ကို မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦး-မြင်းခြံကားလမ်းဘေးရှိ ပလင်း ကမ်းသာယာဆင်စခန်းအား ရောက်ရှိစစ်ဆေးပြီး စခန်းတာဝန်ခံ၏ တင်ပြချက်များအပေါ် လာရောက်အပန်းဖြေလေ့လာကြသည့် ပြည်သူများအတွက် ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ လေညှင်းခံဆိပ်ခံတံတားတည်ဆောက်ရေး အတွက် လိုအပ်သည့်သစ်၊ တိုင်များစုဆောင်းထားရှိရန်၊ ဆင်ပြတိုက်တည်ဆောက်ခြင်းကို ပွင့်လင်း ရာသီအမီပြီးစီးအောင်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ သစ်တောလုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။
ယခုနှစ် အပူဒဏ်ကြောင့် သေကြေပျက်စီးသည့် အပင်များအား ဖြည့်စွက်ပြန်လည်စိုက်ပျိုးရန်အတွက် ကွက်ပြည့်ကွင်းနင်းစစ်ဆေး၍ သေပင်များနေရာတွင် ပန္နက်ရိုက်မှတ်ကာ မြင်သာအောင် ဆောင် ရွက်ထားရန်၊ မိုးရွာသွန်း၍ လုံလောက်သော အစိုဓါတ်ရသည်နှင့် စိုက်ခင်းသစ်စိုက်ပျိုးခြင်း၊ စိုက်ခင်း ဟောင်းဖာထေးခြင်းတို့ တစ်ပြိုင်နက်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်အစီအမံများ ဆောင်ရွက်ထားရှိရန်နှင့် ဝန်ထမ်းများအား စနစ်တကျတာဝန်ခွဲဝေပေးအပ်ထားရန်တို့ကို မှာကြားခဲ့ပြီး ဒေသခံပြည်သူလူထုနှင့်လည်း ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ၍ လိုအပ်သည်များ စီမံဖြည့် ဆည်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)