နေပြည်တော် ၂၅ ဩဂုတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အနောက်မြောက်ဘက်(၆)မိုင်ခန့်အကွာရှိ ကန်တော်ကြီးကြိုးပြင်ကာကွယ်တော(၁၃၁၀) ဧကတွင် ရေဝေရေလဲ ဒေသအတွင်း ပရဆေးဥယျာဉ်နှင့် သစ်မျိုးစုံ စိုက်ခင်းတည်ထောင်ရန် ဆောင်ရွက်နေမှု၊ ကြိုးပြင်ကာကွယ်တော နယ်နိမိတ်တစ်လျှောက် ခြံစည်းရိုးကာရန်ခြင်းနှင့် မြေအသုံးချမည့် အစီအစဉ်များအား ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ မဇင်းသမဝါယမအသင်း၏ သစ်အခြေခံလက်မှုအချောထည်ပစ္စည်းများထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိရာ အသင်းနှင့် Asia Craft Link ကုမ္ပဏီတို့မှတာဝန်ရှိသူများမှ ဒီဇိုင်းရေးဆွဲခြင်း အတတ်ပညာအပါအဝင် သစ်အခြေခံ အချောထည်လက်မှုပစ္စည်းများပြုလုပ်သည့် သင်တန်းများ ဖွင့်လှစ်ခြင်း၊ သင်တန်းမှ အရည်အသွေးပြည့်ဝသည့် အချောထည်လက်ရာများကို ပြည်ပသို့တင်ပို့ ရောင်းချရန် ဈေးကွက်ရရှိနေမှုနှင့် ကုန်ကြမ်းသစ်လိုအပ်ချက်များအား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သော သစ်ကုန်ကြမ်းများရရှိရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေး နိုင်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး သင်တန်းကျောင်းခန်းမအတွင်း ပြသထားသော အချောထည်ပစ္စည်းနမူနာများအားလည်းကောင်း၊ အချောထည်ပစ္စည်းထုတ်လုပ်သည့် စက်ပစ္စည်း ကိရိယာများအားလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ပြီး အသင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဖွဲ့သည် ပဲခူးမြို့၊ အောင်မြေသာရပ်ကွက်ရှိ ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးသို့ရောက်ရှိပြီး ရုံးဝင်းအတွင်းရှိဆောက်လုပ်ဆဲရုံးအား စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကလေးကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်း (လမ်းဟောင်း) မိုင်တိုင်အမှတ် (၆၄/၄)အနီး မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်နှင့်သစ်စက်ဌာန၊ အမှတ်(၃၃)သို့ ရောက်ရှိရာ တာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်းဆိုင်ရာအချက်အလက်များ၊ ဝန်ထမ်းအင်အား၊ လုပ်ငန်းဆောင်ရွက်နေမှုများ၊ Solid Teak Myanmar ကုမ္ပဏီ၏ ပုဂ္ဂလိကသစ်များအား နဝလီစနစ်ဖြင့် လက်ခံခွဲစိတ်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သစ်ခွဲသားများ သိုလှောင်ထားရှိမှုနှင့် သစ်လုံးများခွဲစိတ်နေမှုတို့အား လှည့်လည်စစ်ဆေးကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ်(၃၉)အနီး၊ ဝင်္ဂဘော်ဆင်စခန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက ဆင်စခန်းအတွင်း အမိမဲ့ ဆင်ကလေးများ ပြုစုစောင့်ရှောက်ထားရှိမှု၊ ဆင်ပြတိုက်ဆောက်လုပ်နေမှု၊ ဆင်စခန်း ခြံစည်းရိုးကာရံခြင်းဆောင်ရွက်နေမှု၊ ဆင်စခန်းမှ အများပြည်သူသို့ပေးနေသည့် ဝန်ဆောင်မှု လုပ်ငန်းများနှင့် စခန်းသို့ ပြည်တွင်း/ပြည်ပဧည့်သည်များဝင်ရောက်မှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆင်စခန်းအတွင်း သန့်ရှင်းရေး၊ တစ်နှစ်ပတ်လုံး စိမ်းလန်းစိုပြည်သာယာရေး၊ လာရောက်လေ့လာသည့်သူများအပန်းပြေ အဆင်ပြေချောမွေ့စေရေး လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့ပြီး အမိမဲ့ဆင်ကလေးများအား နို့တိုက်ကျွေးခြင်းနှင့် ဆင်ပြတိုက်တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကိုးပင်-သာဂရကားလမ်း၊ မိုင်တိုင်အမှတ်(၃၅/၃)အနီးရှိ ရေတာရှည်မြို့နယ်၊ သစ်တောဉီးစီးဌာန၏ (၂/၂၀၁၇)စီးပွားရေးကျွန်းစိုက်ခင်း ဧက(၁၅၀) ပြုစုပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုးပင်-သာဂရကားလမ်း၊ မိုင်တိုင်အမှတ် (၁၀/၁) အနီးရှိ ဖိုးကျားဆင်စခန်းသို့ရောက်ရှိရာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွား လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆင်စခန်းလျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိ သူများတင်ပြရာ ပြည်ထောင်စုဝန်ကြီးကဖိုးကျားဆင်စခန်းအား အဆင့်မြှင့်တင်ရန်၊ လာရောက် အပန်းဖြေလေ့လာသူများအား ဆွဲဆောင်မှုရှိစေရန်အတွက် တီထွင်ကြံဆဆောင်ရွက်ရန်၊ သက်တမ်း(၁၀ဝ)ကျော် ကျွန်းပင်ကြီးများအား စနစ်တကျထိမ်းသိမ်းစောင့်ရှောက်ရန်နှင့် ဆင်စခန်း လျှပ်စစ်မီးအမြန်ရရှိရေးအတွက် လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


