နေပြည်တော် ၂၅ မေ


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင် မေ (၂၃)ရက်မှ (၂၄)ရက်အထိ ကျင်းပသည့် (၁၄)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် (၈)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။


အစည်းအဝေးသို့ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးရုံး၊ အာဆီယံ ရာသီဥတုစောင့်ကြည့်လေ့လာရေး ဗဟိုဌာန (ASEAN Specialised Meteorological Center – ASMC)၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် International Union for Conservation of Nature (IUCN)၊ International Fund for Agricultural Development (IFAD)၊ Global Environment Center (GEC)၊ European Union (EU) နှင့် German International Cooperation Agency (GIZ) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးဖွင့်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံပတ် ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ASEAN Specialized Meteorological Centre (ASMC) က ရာသီဥတုနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အခြေအနေများ နှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြသည်။


အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ဒေသအတွင်းရှိ ခြောက်သွေ့သောနေရာများတွင် မီးခိုးမြူငွေ့ကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအဆင့် လုပ်ငန်းအစီအမံများနှင့် ချင်းရိုင် (၂၀၁၇) လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ မဲခေါင်ဒေသခွဲနိုင်ငံများအကြား တောမီးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ တိုးတက်မှုအခြေအနေတို့ကို ဆွေးနွေးကြသည်။ 


ထို့နောက် ထိုင်းနိုင်ငံမှ မဲခေါင်ဒေသခွဲ ဝန်ကြီးအဆင့် ဦးဆောင်ကော်မတီ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အစီအစဉ်များနှင့် ဆောင်ရွက်ချက်များဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးကြသည်။ 


ဆက်လက်၍ အာဆီယံ အတွင်းရေးမှူးရုံးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်၏ လမ်းပြမြေပုံနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် (၈)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် အစည်းအဝေး အစီရင်ခံစာတို့ကို အတည်ပြုသည်။ 


ယင်းနောက် မဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများက နိဂုံးချုပ်စကား ပြောကြားကြရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခုကြုံတွေ့နေရသည့် စိန်ခေါ်မှုကို အတူတကွ စည်းလုံးညီညွတ်စွာ လက်တွဲဖြေရှင်းကြရန်နှင့် အခြားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များကိုလည်း ရေရှည်စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ တောမီးနှင့် မီးခိုးမြူငွေ့ ထိန်းချုပ်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြား သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။


သတင်းစဉ်