ပုသိမ် ဇန်နဝါရီ ၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာသာရေးခေါင်းဆောင်များက အထွေထွေဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အလှူငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ တိုင်းရင်းသားများအားလုံးအနေဖြင့် မိမိတို့၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်စေလိုပါကြောင်း၊ စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ စာပေနှင့်ယဉ်ကျေးမှု ကိစ္စများကို အားသွန်ခွန်စိုက်လုပ် ဆောင်ကြစေလိုပါကြောင်း၊ မိမိတို့၏ စာပေနှင့်ယဉ်ကျေးမှု အခက်အခဲများနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တင်ပြချက်များကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် တောင်သူလယ်သမားများ၏အခန်းကဏ္ဍကို ဦးစားပေး ကူညီပေးစေလို ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးရရှိအောင် အားလုံးဝိုင်းဝန်ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အရေးကြီးပြီး တိုင်းပြည်ကြီး ငြိမ်းချမ်းမှ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပြီး ပြည်သူပြည်သားများလည်း စားဝတ်နေရေး ပြေလည်မည်ဖြစ်ပါ ကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်သစ်မှစ၍ မြန်မာပြည် မြောက်ပိုင်း ခါကာဘိုရာဇီမှ မြန်မာပြည် တောင်ပိုင်းကော့သောင်းအထိ ငြိမ်းချမ်းပါစေကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ အင်္ဂလိပ်-စကော-ကရင်-အနောက်ပိုးကရင်-မြန်မာ ပူးတွဲအဘိဓာန်စာအုပ်ကို ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဌက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုထံ ပေးအပ်သည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စာပေနှင့်ယဉ်ကျေးမှုကော်မတီများက အထွေထွေဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များကို ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး နိဂုံးချုပ်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများကို တွေ့ဆုံအမှာစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


