ရန်ကုန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား အသိအမှတ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များအနေဖြင့် နိုင်ငံရေးလွမ်းမိုးမှုမရှိ၊ အရောင် အသွေးမပါသည့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ဖြစ်ရန်လိုအပ်ပါကြောင်း၊ တနည်းအားဖြင့် အသုံးချခံ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မဖြစ်ရန်လိုပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဖြစ်ရန်လည်း တည်ဆောက်သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းရင်းသား မျိုးနွယ်စုမပပျောက်ရေး၊ ခိုင်ခိုင်မာမာနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအား ဝန်ကြီးဌာနအသိအမှတ်ပြုပေးသကဲ့သို့ ကျန်တိုင်းဒေသကြီး/ပြည်နယ်များ တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားအရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန အသိအမှတ်ပြုလွှာများပေးအပ်သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ၏ အသိအမှတ်ပြုလွှာပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ အသိအမှတ်ပြုလွှာ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို ထောက်ပံ့ငွေများပေးအပ်ပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)