မြိတ် ဩဂုတ် ၁၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ရေပုန်းရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာသို့ သွားရောက်ပြီး သာသနာပိုင်ဘုန်းတော်ကြီး ဘရူနိုဖီလစ်၊ သာသနာပြုဆရာ/မများ၊ ကျောင်းသား/သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား/သူများအနေဖြင့် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ငယ်စဉ်ကတည်းက သိရှိထားကြရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးသည် သာလျှင် တိုင်းပြည်နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို အလေးထား၍ မိဘကျေးဇူး၊ သင်ဆရာ၊ မြင်ဆရာများ ၏ ကျေးဇူးကိုဆပ်နိုင်အောင် ကြိုးစားသင်ယူပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အထောက် အကူပြုစေရန် ကြိုးစားအားထုတ်ကြရမည်ဖြစ်ပါကြောင်း အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ကက်သလစ် ခရစ်ယာန်ပရဟိတဂေဟာသို့ KN 95 Mask (၁၈၅၀) နှင့် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကိုပေးအပ်ရာ သာသနာပိုင် ဘုန်းတော်ကြီးက လက်ခံသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့နယ်၊ တလိုင်းစုရပ်ကွက်ရှိ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ ရောက်ရှိပြီး ဘုန်းတော်ကြီးနှင့် တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကရင်၊ ဆလုံ(မော်ကယ်)၊ မွန်နှင့် ထားဝယ်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား/သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့်လည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းပြီး နိုင်ငံရေးပါတီ လွှမ်းမိုးသည့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မဖြစ်ရန်လိုအပ်သလို အရောင်အသွေးကင်းသည့် စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့အဖြစ် ရပ်တည်ရန်လိုအပ်ပါကြောင်း၊ စာပေနှင့်ယဉ်ကျေးမှု ပပျောက်လျှင် လူမျိုးပါပျောက်မည် ဖြစ်၍ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက် ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် စဉ်ဆက်မပြတ် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ များက စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ၏ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဒေသတွင်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)