နေပြည်တော်  ၁၆  စက်တင်ဘာ  


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည်  မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Mr. Tim Enderlin နှင့်  ယနေ့နံနက် ၁၀ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa နှင့် မွန်းလွဲ ၂ နာရီတွင် လည်းကောင်း နေပြည်တော်ရှိဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံသည်။ 


ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)တွင် နိုင်ငံအတွက် ထားရှိသည့် ဖွံ့ဖြိုးရေးမျှော်မှန်းချက်များ၊ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်းများကို MSDP ၏ လွှမ်းခြုံမှုအောက်တွင် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ် (Project Bank)အဖြစ်တစ်စု တစ်ဝေးထဲ ထားရှိအကောင်အထည်ဖော်မှုများ၊ ရင်နှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုလွယ်ကူရန် မြေနှင့် အဆောက်အအုံ သတင်းအချက်အလက်ဘဏ် ( Land and Property Bank )နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို ဆွေးနွေး ကြသည်။ 


ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-ကိုရီးယား နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။


(သတင်းစဉ်)

 

 Korea