နေပြည်တော် ၃၁ သြဂုတ်
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဂျပန်-မြန်မာ ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များတွင် ပါဝင် ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့် ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။
အစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမက Foreign Minister’s Commendation for FY 2019 ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ထံ ဂုဏ်ပြုလက်မှတ်အား ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယခုကဲ့သို့ အသိအမှတ်ပြုပေးသည့်အတွက် ဂျပန်ပြည်သူများ၊ ဂျပန်နိုင်ငံအစိုးရ၊ သံအမတ်ကြီး၊ JICA နှင့် ဂျပန်မိတ်ဆွေများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၌ ကျင်းပသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မလေးရှားနိုင်ငံ Construction Industry Development Board တို့ ပူးပေါင်းကျင်းပသော Technical Seminar သို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံတကာ ပညာသင် အတွေ့အကြုံများနှင့် နည်းနာယူဘွယ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မလေးရှားနိုင်ငံ Construction Industry Development Board ဥက္ကဌ Tan Sri Dr. Ir. Amad Tajuddin Ali က “Why CIDB & Malaysian Experience” ခေါင်းစဉ်ဖြင့် Construction Industry Development Board ကို တည်ဆောက်ခဲ့ရခြင်း အကြောင်းအရင်းနှင့် တည်ဆောက်ချိန်မှ ယခုအချိန်အထိ တွေ့ကြုံကျော်လွှား ခဲ့ရသော စိန်ခေါ်မှုများအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို ဆွေးနွေးဖြေကြားကာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။
သတင်းစဉ်


