နေပြည်တော်   ၁၅   ဩဂုတ် 

 

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် Federation of Engineering Institutions of Asia and Pacific (FEIAP) တို့ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့်လုပ်ငန်းခွင်   ဘေးအန္တရာယ် ကင်းရှင်းရေးကို ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “The Guidelines on Occupational Safety and Health in Construction Industry  (Management)  အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ခရေပင်လမ်း၊ အမှတ် (၅/က) မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး၌  Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းက Moderator အဖြစ် ဆောင်ရွက်သည်။

 

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေရပါကြောင်း၊ ယေဘုယျအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘတ်ဂျက်၊ အတွေ့အကြုံ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် စီမံကိန်းကြာမြင့်မှု စသည့် အကန့်အသတ်များစွာရှိပါကြောင်း ၊ မည်သို့ပင်ဆိုစေကာမူ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးသည် လုပ်သားပြည်သူများ၏ဘဝ နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပါကြောင်း ၊ အလုပ်ခွင်အတွင်း ဖြစ်နိုင်ချေရှိသော သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများကို ကာကွယ်ရန်လိုအပ်သော အလေ့အကျင့်ကောင်းများကို မွေးမြူရမည်ဖြစ်ကြောင်း။

 

လက်ရှိတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များ စီမံခန့်ခွဲရာတွင် အပြည်ပြည်ဆိုင်ရာ အလေ့အကျင့်များကို လိုက်နာရမည်ဖြစ်သော်လည်း လုပ်ငန်းခွင်အချို့တွင် လုပ်သားပြည်သူများ၏ လုံခြုံမှုနှင့်ကျန်းမာရေးကို လျစ်လျူရှုထားသည်ကိုတွေ့ရှိရပါကြောင်း၊ ကွန်ကရစ်များ ပုံသွင်းလောင်းစဉ် ကာလအတွင်း ငြမ်းပြိုကျခြင်း၊ အလုပ်သမားများ ပြုတ်ကျဒဏ်ရာရရှိခြင်း ၊ အရာဝတ္ထုများနှင့် ထိခိုက်မိခြင်း ၊ ဓာတ်လိုက်ခြင်း ၊ မွန်းကြပ်ခြင်း သတင်းများကိုလည်း မကြာခဏ ကြားသိနေရပါကြောင်း၊ အလုပ်သမားများ၏ ကျန်းမာရေးကိစ္စအဝဝကို သတိမပြုမိခြင်း စသည့်အခြေအနေ ပြဿနာများကို ဂရုမစိုက်ပါက ယင်းပြဿနာများ ပြီးဆုံးမည်မဟုတ်ပါ ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက်ရောဂါကာလတွင် ကဏ္ဍအလိုက် ပိုမိုတိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

 

ယခုအချိန်သည် စီမံကိန်းတိုင်းတွင် သေဆုံးမှုနှင့်မတော်တဆမှုများ လျော့ပါးစေရန် အစီအစဉ်တကျ ဆောင်ရွက်ခြင်းသည် အချိန်ကောင်းဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်သားတိုင်း လုပ်ငန်းမစတင်မီ သင့်တင့်သော လေ့ကျင့်သင်ကြားမှုများလိုအပ်ပါကြောင်း၊ PPE ဝတ်စုံဝတ်ဆင်ခြင်း၊ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်ဖြစ်ခြင်း၊ အန္တရာယ်ထိန်းချုပ်မှုနှင့် OSHA အစီရင်ခံခြင်း အလေ့အကျင့်များပင်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများ၏ ထိန်းချုပ်မှု၊ စီမံခန့်ခွဲမှုနှင့်အခြေခံကာကွယ်မှုအဖြစ် PPE ဝတ်ဆင်ခြင်းဖြင့် လုပ်ငန်းခွင် အန္တရာယ် ဖြစ်ပွားမှုကိုလည်း ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် ထောက်ပံ့ ပေးခြင်းဖြင့် မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် အားလုံးပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွင် ပိုမိုလုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးရန်၊ စံချိန်စံညွှန်းနှင့်အညီ လိုက်လျောညီထွေရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် Federation of Engineering Institutions of Asia and Pacific (FEIAP) မှ Secretary General Ir. Dr. Tan Yean Chin က “The Guidelines on Occupational Safety and Health in Construction Industry (Management)” ခေါင်းစဉ်ဖြင့် စာတမ်းကို အသေးစိတ်ဆွေးနွေးသည်။ 

 

ယင်းနောက် တက်ရောက်လာကြသူများက မေးခွန်းများအပြန်အလှန်မေးမြန်းခြင်း၊ ဖြေကြားခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)