နေပြည်တော် ၃၀ ဩဂုတ်
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် ပဲခူးဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အဆိုပါ ဘဏ်ခွဲရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်သန်းဝင်း၊ CHID Bank ဥက္ကဌ ဦးမင်းထိန် နှင့် CHID Bank ဒုတိယ ဥက္ကဋ္ဌ ဦးသာဌေးတို့က ဘဏ်ခွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဘဏ်ခွဲဆိုင်းဘုတ်ကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် JICA မှ Mr. Masayuki Karasawa တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး ဘဏ်ခွဲအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံတော်အစိုးရအနေဖြင့် PPP စနစ်ကိုဖော်ဆောင်ကာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ အိမ်ရာချေးငွေများ စသည့် ငွေကြေးစနစ်တစ်ခုကို ထူထောင်နိုင်ရေးအတွက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်ကို အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ဘဏ်စတင်ဖွင့်လှစ် ချိန်မှစတင်၍ နိုင်ငံတော်၏ ဦးတည်ချက်ဖြစ်သော ပြည်သူများအား လုံခြုံစိတ်ချရပြီး နေချင်စရာပတ်ဝန်းကျင်တွင် အိုးပိုင် အိမ်ပိုင်ဖြင့် နေထိုင်သွားနိုင်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိပါကြောင်း။
ပြည်သူများအတွက် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းစဉ်များ ပိုမိုလျင်မြန်လာ ရေးအတွက် လိုအပ်နေသည့် အိမ်ရာများ တည်ဆောက်ရေးတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပုဂ္ဂလိကဘဏ်များ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတော်မှ ချထားပေးသော Budget နှင့် 2 Step Loan များ၊ JICA မှ ထုတ်ချေးပေးသည့် ODA Loan များအပြင် World Bank, Asian Development Bank စသည့် ပြည်ပမှ ချေးယူနိုင်မည့် 2 Step Loan များ ရရှိရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း၌ အရေးပါသောလုပ်ငန်းများဖြစ်သည့် အခြေခံအဆောက်အအုံဖြစ်သော လမ်း၊ တံတား၊ လျှပ်စစ်နှင့် သောက်သုံးရေရရှိရေး စသည်တို့ကို ချေးငွေများ ပံ့ပိုးပေးရေး ဆောင်ရွက်နေ ပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ကို Semi-Government Bank အဖြစ် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး သက်တန်း(၅)နှစ်ကျော်ကာလအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ မကွေး၊ မုံရွာ၊ ဘားအံ နှင့် ပဲခူးဘဏ်ခွဲ အပါအဝင် စုစုပေါင်းဘဏ်ခွဲ (၁၄)ခု ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးနှင့် ရှင်စောပု ဝန်ထမ်းအိမ်ရာအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်


