နေပြည်တော်  ၂၆  ဩဂုတ် 


ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးစီးအရာရှိ(မြို့ပြ) မွမ်းမံသင်တန်း (၃/၂၀၁၈-၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့  ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က သင်တန်းဖွင့်လှစ်ပေးရသည့် အဓိကရည်ရွယ်ချက်မှာ ပြောင်းလဲတိုးတက်နေသည့် ခေတ်စနစ်များနှင့်အညီ မိမိတို့ရာထူးတာဝန်များကို ကျေပွန် စွာထမ်းဆောင်နိုင်ရန်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “လုပ်ငန်းမျိုးစုံ ကျွမ်းကျင်ဖို့ သင်တန်းမျိုးစုံတက်ကြစို့”  “ဝန်ထမ်းဘဝမြင့်မားရေးသင်တန်းပို့ချမြှင့်တင်ပေး” ဆိုသည့် ဆောင်ပုဒ်များအတိုင်း နှစ်စဉ်ဌာနတွင်းသင်တန်းများကို ဖွင့်လှစ်ပေးနေရခြင်း ဖြစ်ပါကြောင်း။


ဦးစီးအရာရှိ(မြို့ပြ) များသည် မြို့နယ်အင်ဂျင်နီယာများဖြစ်ပြီး ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသူများဖြစ်၍ ပညာရပ်ပိုင်းဆိုင်ရာများအပြင် ဝန်ထမ်းများ၏ အရည်အသွေး၊ အဆင့်အတန်း၊ ရုပ်ပိုင်းဆိုင်ရာများ မြှင့်တင်ပေးရန်ရည်ရွယ်ပြီး သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဝန်ထမ်းများကို စွမ်းရည်မြှင့်တင်ပေးရန် အရေးကြီးသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ရာတွင် ဝန်ထမ်းများအနေဖြင့် လိုချင်စိတ် Willingness ရှိရန် လိုသကဲ့သို့ လုပ်နိုင်စွမ်း Ability လည်းရှိမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကပို့ချပေးမည့် ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ်သား သွားရန်မှာကြားလိုပါကြောင်း။


သင်တန်းသားများအနေဖြင့် ရာထူးနှင့်လျော်ညီစွာ တာဝန်ခံမှု၊ တာဝန်ယူလိုမှုရှိစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အသွေးရှိသော လုပ်ငန်းဆောင်ရွက်မှုများဖြစ်အောင် သင်တန်းက ပို့ချပေးမည့် ဘာသာရပ်များကို အကောင်းဆုံး လေ့လာမှတ်သားကြရန် လိုအပ်ကြောင်းပြောကြားသည်။


ယနေ့ ဖွင့်လှစ်သည့် ဦးစီးအရာရှိ(မြို့ပြ) မွမ်းမံသင်တန်းကို ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၂၀ ရက် အထိ ရက်သတ္တ (၄) ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၅၅) ဦး တက်ရောက်ကြောင်း သိရသည်။ 


(သတင်းစဉ်)