ရန်ကုန် ၁၁ မေ 


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်အတွက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော အိမ်ရာစီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၆၈/၆)၊ ရိုးမရိပ်သာလမ်းရှိ ရိုးမတန်ဖိုးနည်း အိမ်ရာစီမံကိန်းသို့ ရောက်ရှိပြီး ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က (၆)ခန်းတွဲ (၄)ထပ် (၁၆)လုံး၊ (၈)ခန်းတွဲ (၄)ထပ် (၁၂)လုံးနှင့် (၁၂)ခန်းတွဲ (၄)ထပ် (၂၄)လုံး စုစုပေါင်း (၅၂)လုံးဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လက်ရှိအိမ်ရာစီမံကိန်းနှင့် မြို့တွင်းသို့သွားလာရေး အဆင်ပြေမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နေထိုင်သူများ သွားလာရေးလွယ်ကူ အဆင်ပြေစေရန် အိမ်ရာများအနီး YBS လိုင်းကားများ ရောက်ရှိသည့်အတွက် မြို့တွင်းနှင့် ဆက်သွယ်သွားလာရာတွင် လွယ်ကူအဆင်ပြေမည် ဖြစ်ပါကြောင်း၊ နေအိမ်များအတွင်း ရေ၊ မီးရရှိရေး ဦးစားပေး စီစဉ်ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး အိမ်ရာစီမံကိန်းများအား ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနနှင့် UN - Habitat တို့ ပူးပေါင်းဆောင်ရွက်သည့် ရိုးမအိမ်ရာစီမံကိန်းသို့ ရောက်ရှိပြီး အိမ်ရာစီမံကိန်းတွင် နေထိုင်သည့် ပြည်သူများနှင့်တွေ့ဆုံပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ နေအိမ်အတွင်း ကြည့်ရှုစစ်ဆေးသည်။

 

ef

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယုဇနအိမ်ရာ စီမံကိန်းအတွင်းရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရွှေတောင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သော ယုဇနတန်ဖိုးနည်းအိမ်ရာ တည်ဆောက်နေမှု၊ Transit Shelter ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ယုဇနဉယျာဉ်အိမ်ရာ စီမံကိန်းတွင် နေထိုင်သည့် ပြည်သူများ အပန်းဖြေအနားယူနိုင်ရန်အတွက် ဆောင်ရွက်ထားရှိသည့် မြသီတာပန်းဉယျာဉ် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Ayar Wun Mixed Use Project သို့ရောက်ရှိပြီး ရုံးရှင်းလင်းဆောင်တွင် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သော အိမ်ရာစီမံကိန်း(၅)ခု နှင့်ပတ်သက်၍ လည်းကောင်း ရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူက Transit Shelter နှင့် Smart District Project လုပ်ငန်းများ ဆောင်ရွက်ထားမှုတို့နှင့်စပ်လျဉ်း၍ Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး စီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းသာရွှေမြေကုမ္ပဏီမှ ဆောင်ရွက်သော  ဧရာချမ်းသာအဆင့်မြင့်အိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။


ယခုဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရာစီမံကိန်းများမှာ မြေတိုင်းရပ်ကွက်အမှတ် (၇၅)၊ ကမ်းနားလမ်းနှင့် မြနန္ဒာလမ်းရှိ Green City Development project ၊ မြေတိုင်းရပ်ကွက် အမှတ် (၇၄)  မြနန္ဒာလမ်းနှင့် ရွှေလီလမ်းကြားရှိ Snow Green Mixed Use Development Project ၊ (၆၂)ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ဧရာဝဏ်လမ်းထောင့်ရှိ Town Center အိမ်ရာစီမံကိန်း၊ (၆၁)ရပ်ကွက် ဧရာဝဏ်လမ်းနှင့် ရွှေလီလမ်းထောင့်ရှိ Ayar Wun Mixed Use Development Project နှင့် ရတနာလမ်းရှိ Transportation Square Project တို့ဖြစ်သည်။ 


အဆိုပါ အိမ်ရာစီမံကိန်းများသည် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ပြီး အိမ်ရာစီမံကိန်းတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ သွားလာရာတွင် အချိန်တိုအတွင်း အလွယ်တကူ သွားလာနိုင်မှာဖြစ်သလို မြို့ပြဖွံ့ဖြိုးမှုနှင့်အတူ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)

 

1