ရန်ကုန် ၈ ဇွန်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဂျပန်နည်းပညာသစ်ဖြင့်ဆောင်ရွက်မည့် ပဲခူးမြစ်ကူးတံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားတည် ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အင်ဂျင်နီယာချုပ် ဦးကျော်လင်းက တံတားတည်ဆောက်ရေးအတွက် စီမံကိန်းနှင့် မလွတ်ကင်းသည့် အဆောက်အဦများ ဓါတ်တိုင်များ၊ ပိုက်လိုင်းများဖယ်ရှားရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်မှုကိုလည်းကောင်း၊ Consultant များ မှတာဝန်ရှိသူတို့ကတံတားနေရာ ရွေးချယ်ထားမှု၊ တံတားတည်ဆောက်ရေးစီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - သန်လျင်တံတားအမှတ်(၁) ကြံ့ခိုင်မှု သန်လျင်ဘက်အခြမ်းတွင်ဂျပန်နိုင်ငံ (JICA ODA LOAN ) ချေးငွေဖြင့်ဆောင်ရွက်နေသော အရှည် (8.7 Km) သန်လျင် - သီလဝါလမ်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Contractor , Tekken Corporation နှင့် Consultant , Nippon Koei Co.,Ltdတို့မှဆောင်ရွက် နေသည့် ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊သန်လျင် - ကျောက်တန်း နှင့် သန်လျင် - သီလဝါလမ်းမကြီး “လမ်းခွဲ” နေရာတွင်ကတ္တရာကွန်ကရစ်ခင်းနေမှု၊ Concrete Box Culvert ဆောင်ရွက်ပြီးစီးမှု၊ Concrete Pipe Culvert များဆောင်ရွက်ပြီးစီးမှု၊လမ်းဘေးဝဲ / ယာရေမြောင်းနှင့် Cable Line ထည့်မည့် Box များဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားလုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက် လမ်းဦးစီးဌာန၊ တောင်ပိုင်းခရိုင်ရုံးရှင်းလင်းဆောင်တွင် JICA ODA Loan ဖြင့် သန်လျင် - သီလဝါလမ်းမကြီး အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ရာလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစီမံချက်၊ ဆောင်ရွက်ပြီးစီးသည့် အပိုင်းနှင့် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအခြေအနေတို့ကို တာဝန်ရှိသူများက ကဏ္ဍအလိုက် တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိ သူများအားမှာကြားသည်။
ယခုဆောင်ရွက်နေသည့် သန်လျင် - သီလဝါလမ်းမကြီးသည် အရှည် (8.7 Km) ၅မိုင်၄ဖာလုံ၊ ယာဉ်သွားလမ်းအကျယ် ၄၆ ပေ၊ ၄ လမ်းသွားနှင့်လမ်းပုခုံး(၂)ဘက် အကျယ်(၆.၆)ပေ၊ လမ်းဘေးဝဲ / ယာတွင်ရေမြောင်းနှင့် Cable Line ထည့်မည့် Box အကျယ်(၂)ဘက်၂၆ပေပါရှိသည့် နိုင်ငံတကာစံနှုန်းမီ လမ်းတစ်လမ်းဖြစ်ပါသည်။ လုပ်ငန်းပြီးစီးမှုမှာရေမြောင်း ၉၆ ရာခိုင်နှုန်း ၊ Box Culvert ၉၈ ရာခိုင်နှုန်း နှင့်စီမံကိန်းတစ်ခုလုံးအနေဖြင့်၇၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်