နေပြည်တော် ၁၄ ဩဂုတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စက်မှုဌာနခွဲ(ရုံးချုပ်) ဗလသိဒ္ဓိယန္တရားဝန်းရှိ စက်၊ ယာဉ်၊ ယန္တရားများထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၆)မှ တာဝန်ယူ တည်ဆောက်နေသော သဖန်းပင် - ညောင်ပင်သာလမ်းပေါ်ရှိ အရှည်ပေ(၁၂၀၀) မြစိမ်းရောင် မေတ္တာပေါင်းကူး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးပေးသည်။
ယင်းနောက် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန ၊ တံတား အထူးအဖွဲ့ (၆)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းလွင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှ ဒေသဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း ၊ လမ်း / တံတားများ အရည်အသွေးကောင်းမွန်ရေး အထူးအလေးထားဆောင်ရွက် ရန်လိုကြောင်း ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း တံတားတိုင်များ ဆောင်ရွက်ပြီးစီးမှု ၊ Girder များ တင်ပြီး အပိုင်း၊ ဆက်လက်ပြီး Girder များ သွန်းလောင်းနေမှုနှင့် စစ်တောင်းမြစ်ရေလမ်းကြောင်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယခု တည်ဆောက်နေသည့် မြစိမ်းရောင်မေတ္တာပေါင်းကူးတံတားသည် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သဖန်းပင် - ညောင်ပင်သာလမ်းပေါ်တွင်တည်ရှိပြီး တံတားအရှည်ပေ(၁၂၀၀)၊ ယာဉ်သွားလမ်းအကျယ်ပေ(၂၀) နှစ်လမ်းမောင်းဖြစ်ပြီး တံတားအမျိုးအစားမှာ အုတ်မြစ် 0.8m Ø Bored Pile Foundation ၊ ကိုယ်ထည်- သံကူကွန်ကရစ် ၊ အပေါ်ထည် - 60 ’ RC Girder နှင့် သံကူကွန်ကရစ် ကြမ်းခင်းတို့ဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော စည်ပင်သာယာ - စည်ပင်ကြီး - ချောင်းကမ်းကြီး - ညောင်ပင်ကြီး - သာယာကုန်း ကျေးလက်လမ်းအား ကျောက်ခင်းခြင်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၆)မှ တာဝန်ယူ တည်ဆောက်နေသော ကျည်တောင်ကန် - ဇီးကုန်း - လေသာ - သရက်တော လမ်းပေါ်ရှိ အရှည်ပေ(၄၅၀) ဆင်သေချောင်းတံတား(ဇီးကုန်း) တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တံတားကြီး သတ်မှတ် အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆင်သေချောင်းတံတား(ဇီးကုန်း)သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် - ဇီးကုန်း - လေသာ - သရက်တောလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်ပေ(၄၅၀)၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ ၊ နှစ်လမ်းမောင်းဖြစ်ပြီး တံတားအမျိုးအစားမှာ အုတ်မြစ် - 0.8m Ø Bored Pile Foundation ကိုယ်ထည် - သံကူကွန်ကရစ် ၊ အပေါ်ထည် - 90’ Steel Plate Girder , 45 ’ RC Girder နှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ၊ ဥတ္တရခရိုင် ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ Research Centre (100’ x 76’) ဆောက်လုပ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)