နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာ-တရုတ် သံတမန်ထူထောင်ခြင်း (၇၅) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး)နှင့် ဖူးကျင့်နိုင်ငံ တကာဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်း၍ Yunnan Economics Trade and Foreign Affairs College ၏ အကူအညီဖြင့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ၊ ကော်မတီဝင်(၃) ဦးခွန်နေထွန်းဦး၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Yunnan Economics Trade and Foreign Affairs College မှ ဒုတိယကျောင်းအုပ်ကြီးနှင့် ပါမောက္ခ၊ ဆရာ/ဆရာမများ၊ သင်တန်းပို့ချပေးမည့် တရုတ်နိုင်ငံမှ သင်တန်းနည်းပြဆရာများ၊ နေပြည်တော် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ ပါဝင် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တရုတ်ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံမှ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် တရုတ်အစားအစာချက်ပြုတ် ပြင်ဆင်ရောင်းချလိုသူများ အတွက်အကျိုးရှိစေရန် ရည်ရွယ်၍ ယနေ့သင်တန်းကို ဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသများရှိ မြို့ကြီးအများစုတွင် တရုတ်စားသောက်ဆိုင်များဖွင့်လှစ်နိုင်ခြင်းဖြင့် တရုတ်ခရီးသည်များကို ဆွဲဆောင်နိုင်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အစားအစာချက်ပြုတ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ကျွမ်းကျင်ပြီး အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ် များ ပေါ်ထွက်လာစေရန်အတွက် ယခုကဲ့သို့ သင်တန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ ဝန်ဆောင်မှု အရည်အသွေးများ မြင့်မားလာရန် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး Yunnan Economics Trade and Foreign Affairs College မှ ဒုတိယကျောင်းအုပ်ကြီး၊ ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်း ကျောင်းအုပ်ကြီး တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြကာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား စာတွေ့/လက်တွေ့သင်ကြား ပို့ချပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု သည်။ သင်တန်းကို ရက်သတ္တပတ် (၁)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)