(၁၅-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင်သည် ယနေ့နံနက် ၀၈၃၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်ဆွေးနွေးခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင်ရွက်ပြီး၊ ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များနှင့် ၎င်းတို့၏ကိုယ်စားလှယ် များနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ခေါင်းဆောင်များက အနာဂတ်တွင် အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများနှင့် ဒေသတွင်းနှင့်နိုင်ငံတကာရေးရာ ကိစ္စရပ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ခေါင်းဆောင်များက COVID-19 ကူးစက် ရောဂါကြောင့် ပေါ်ပေါက်လာသည့် မကြုံစဖူးစိန်ခေါ်မှုများကို အသိအမှတ်ပြုလျက် ဘေးကင်း လုံခြုံ၍ ထိရောက်မှုရှိပြီး အားလုံးက လက်လမ်းမှီရရှိနိုင်သည့် ကာကွယ်ဆေးများကို ထုတ်လုပ်ရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားပြီး၊ ဒေသအတွင်း၌ တိုးတက်များပြားလာသည့် နိုင်ငံ ဖြတ်ကျော်မှုခင်းများ၏အန္တရာယ်ကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အာဆီယံ-ကုလသမဂ္ဂမိတ်ဖက်ဆက်ဆံရေး တိုးတက် ခိုင်မာလျက်ရှိသည့်အပေါ် ကျေနပ်အားရကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် နိုင်ငံ တကာစည်းလုံးညီညွှတ်မှုတို့ကို ပြန်လည်ဆန်းသစ်ခိုင်မာစေရန် အရေးကြီးကြောင်း၊ မဟာဗျူဟာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရာတွင် လည်းကောင်း၊ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိအကျပ်အတည်းမှ အားလုံး ပြန်လည်ရုန်းထွက်နိုင်ရေးအတွက်လည်းကောင်း စုပေါင်း ကြိုးပမ်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ခိုင်မာစေရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်အရေးကိစ္စအပေါ် တုံ့ပြန်ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများ ကိစ္စအပါအဝင် ရခိုင်အရေးကိစ္စကိုဖြေရှင်းရေးမှာ အစိုးရ၏ ဒုတိယသက်တမ်းကာလတွင်လည်း ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ စိန်ခေါ်မှုများစွာရင်ဆိုင် နေရစေကာမူ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို  နှစ်နိုင်ငံသဘောတူညီချက် နှင့်အညီ ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် ကတိကဝတ်ပြုထားကြောင်း၊ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာရှည်ခံသည့်အခြေခံအုတ်မြစ်တစ်ရပ် ချမှတ်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လှေစီးဒုက္ခသည်များကိစ္စနှင့်ပတ်သက်၍ လူကုန်ကူးသူများ၏ သားကောင်များဖြစ်ကြသည့် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားမှုများအပေါ် စာနာမိ ပါကြောင်း၊ စီးပွားရေးမလုံခြုံမှု၊ အကြမ်းဖက်အုပ်စုများ (terrorists) နှင့် လူကုန်ကူးသူများ၏ ရာဇဝတ်မှုများ အပါအဝင် ပြဿနာ၏မူလဇာစ်မြစ်ကို ဖြေရှင်းရန် လိုအပ်ကြောင်း၊ ယင်းသို့ဖြေရှင်း ရာတွင် ပိုမိုကျယ်ပြန့်သည့် ဒေသဆိုင်ရာမူဘောင်အောက်မှ ပြဿနာကို ရှုမြင်သုံးသပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင် သိရသည်။

Crd - Ministry of Foreign Affairs Myanmar