နေပြည်တော် ၁၂ ဩဂုတ်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပရောက်ရှိနေကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ယမန်နေ့ ညနေ ၆ နာရီတွင် မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး အကြီးအကဲများနှင့် Video Conferencing စနစ်ဖြင့်တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင်နှင့် ပြည်ပရှိ မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး (၄၅)ရုံးမှ မြန်မာသံအမတ်ကြီးများ၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်များ၊ မြန်မာကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံညှိနှိုင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးကိစ္စများနှင့်စပ်လျဉ်း၍ လာမည့်အထွေထွေရွေးကောက်ပွဲကို ဥပဒေနဲ့အညီ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည် လက်ခံနိုင်မှုရှိပြီး မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒနှင့်မဲရလဒ် တစ်ထပ်တည်းဖြစ်သော ရွေးကောက်ပွဲ ဖြစ်စေရန်၊ ပြည်ပရောက် မဲပေးပိုင်ခွင့်ရှိသူ မဲပေးခွင့် မဆုံးရှုံးစေရေး၊ ကြိုတင်မဲဆန္ဒပေးနိုင်ရေးအတွက် စနစ်တကျ ပြင်ဆင်ထားကြရန်နှင့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကျရာကဏ္ဍမှ ပံ့ပိုးကူညီသွားကြရန် နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်ထားပါကြောင်း၊ ယခုနှစ် ရွေးကောက်ပွဲကာလမှာ ကိုဗစ်-၁၉ ကာလဖြစ်နေခြင်း၊ နိုင်ငံတကာလေကြောင်းလိုင်းများ ရပ်နားထားချိန် ဖြစ်ခြင်းတို့ကြောင့် ဆန္ဒမဲပြားများ အမှားအယွင်းမရှိ အချိန်နှင့်တစ်ပြေးညီ ပေးပို့ရောက်ရှိနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံးများ (၃)ပွင့်ဆိုင် ညှိနှိုင်းရန် အရေးကြီးပါကြောင်း။
သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၄၇)(ခ)တွင် နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးရန်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ပတွင် ကြိုတင်မဲပေးရေး လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာပြီး အဆင်ပြေချောမွေ့စွာ ကျင်းပပေးနိုင်ရေးအတွက် ကြိုးပမ်းကြရမှာဖြစ်ကြောင်း၊ သံရုံးများအားလုံးသို့ ကြိုတင်ဖြန့်ဝေထားပြီးဖြစ်သည့် “အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်” အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်သွားနိုင်ရန်အတွက် အဆိုပါလုပ်ငန်းလမ်းညွှန်ကို ကျေညက်စွာ ကြိုတင်ဖတ်ရှုထားကြရန် အထူးအလေးပေး ပြောကြားလိုကြောင်း၊ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုရှိရေး၊ မဲရုံနှင့် ဆန္ဒမဲပြားများ လုံခြုံရေးကိုလည်း စီမံချက်များရေးဆွဲပြီး စနစ်တကျ ပြင်ဆင်ထားကြရမှာဖြစ်ကြောင်း၊ ယခင် ရွေးကောက်ပွဲအတွေ့အကြုံများအရ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူပြီး၊ အဆင်ပြေအောင် ဆောင်ရွက်သွားကြရန် အလေးထားပြောကြားလိုကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်း၊ ဆန္ဒမဲပြားပေးပို့မှုများ လွဲမှားမှုမရှိစေရေးနှင့် ပြည့်စုံမှုရှိ စေရေးအတွက်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာသံရုံးများအနေဖြင့် ပြည်ပတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးကိစ္စများနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးကိစ္စရပ်များကို ဝန်ထမ်းအင်အား အကန့်အသတ်ဖြင့် မနားမနေ ကြိုးပမ်းဆောင်ရွက်နေကြသည်ကို သိရှိပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံသားများမှ သံရုံးများသို့ မေးမြန်းစုံစမ်းသည့် ကိစ္စရပ်များကို သံရုံးတာဝန်ရှိသူများမှ စိတ်ရှည်သည်းခံ၍ ပြေလည်အောင် ဆက်ဆံရှင်းလင်း ဖြေကြားကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးရေးအတွက် မဲဆန္ဒရှင်များက ပုံစံ(၁၅)အား ဩဂုတ် ၅ ရက်မတိုင်မီ ဖြည့်စွက်ပေးပို့ကြစေရန်သတ်မှတ် ထားရှိခဲ့သော်လည်း ယခုအခါ နိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ရက်တိုး၍ လက်ခံပေးရန်ကိစ္စ၊ ပြည်တွင်းရှိ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိသေးပါက မဲစာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုသည့် ပုံစံ(၃)ကို ဖြည့်စွက်၍ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ဩဂုတ် ၁၇ ရက်မတိုင်မီ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ရေးကိစ္စ၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ် ဝန်ချုပ်ရုံးများမှ စိစစ်ပြီးသည့် ပုံစံ(၁၅)နှင့် ပုံစံ(၃)တို့အား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အချိန်မီ ပြန်လည်ပေးပို့ရေး၊ ကြိုတင်ဆန္ဒမဲ လက်မှတ်များ မြန်မာသံရုံးများသို့ ပေးပို့ရေးနှင့် လျှို့ဝှက်ဆန္ဒပြုပြီး မဲလက်မှတ်များအား စနစ်တကျ လုံခြုံစွာဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အချိန်မီ ပြန်လည်ပေးပို့ရေးအတွက် ဆောင်ရွက်ရန် နည်းလမ်းအစီအမံဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် မဲရုံများဖွင့်လှစ်ရေးနှင့် နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီမံချက်များ ရေးဆွဲဆောင်ရွက်သွားနိုင်ရေးနှင့် မရှင်းလင်းသည်များရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာ တာဝန်ရှိသူနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ရန် Hotline စီစဉ်ပေးရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများက ပြန်လည်ဆွေးနွေး မေးမြန်းချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင်တို့က ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်