နေပြည်တော် ဇန်နဝါရီ ၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Ms. Ma Jia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG အား မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း နေပြည်တော် ရုံးအမှတ်-၃ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
တရုတ်သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေး၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့် ကုန်ပစ္စည်းများ၏ အရည်အသွေး စံချိန်စံနှုန်းပြည့်မီ စေရေးအတွက် လိုအပ်သည့်စက်ကိရိယာနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရန် ခွင့်ပြုထားသည့်အမယ်များ ပိုမိုတိုးမြှင့် ရရှိနိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ အပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် ဆောင်ရွက်နိုင်မည့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။(အောက်ဝဲပုံ)
လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ အပါအဝင် အဓိကပို့ကုန်များကို လာအိုနိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေး၊ ကျိုင်းလပ်-စီအင်ကောက်တံတားမှ တစ်ဆင့် ကုန်စည်နှင့် လူများဝင်ထွက်သွားလာရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်အဖြစ် အဆင့်မြှင့်တင်သွားနိုင်ရေးနှင့် ဝမ်ပုံ-ဘန်မောင်းမန် နယ်စပ်ဂိတ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နှစ်နိုင်ငံအကြား ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


