နေပြည်တော် မတ် ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပင်းတယမြို့နှင့် ပတ်ဝန်းကျင်ဒေသများ အထူးစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပင်းတယမြို့နှင့် ပတ်ဝန်းကျင်ဒေသများ စိမ်းလန်းစိုပြည် ရေးဆောင်ရွက်ရာတွင် သစ်တောမြေပြင်ပရှိ မြေနေရာများတွင် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံများ ပူးပေါင်း ဆောင်ရွက်မှုသည် အထူးအရေးကြီးပါကြောင်း၊ ရွေးချယ်ထားသော မြေနေရာများတွင် သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ဆက်လက်ထိန်းသိမ်းခြင်း၊ ကွက်လပ် ဖြည့်စိုက်ပျိုးခြင်းများအပြင် ကျေးရွာများအနီး မြေနေရာရရှိမှုအပေါ်မူတည်၍ တစ်အုပ်တစ်မ စိုက်ခင်းများ တည်ထောင်စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရန်အတွက် မြေတူးခြင်းနှင့် မြေပြုပြင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်သွားရန်နှင့် ၂၀၂၅ ခုနှစ် မိုးရာသီအကြို နှင့်မိုးရာသီအတွင်း စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ခင်းများ တည်ထောင်ပြီးပါက အပင် များရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးရန်လည်း တိုက်တွန်းလိုကြောင်း၊ စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် ဒေသခံများပူးပေါင်း၍ အောက်ခြေအထိ အသိပညာပေးပြီး ထိထိရောက်ရောက် တားဆီးကာကွယ်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ခင်းတည်ထောင်ရန် မြေနေရာရရှိမှုအခြေအနေ၊ သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်မည့် အစီအမံများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့ ပတ်ဝန်းကျင်ဒေသများ အထူးစိမ်းလန်း စိုပြည်ရေး စိုက်ခင်းတည်ထောင်ရန်နှင့် ရွေးချယ်ထားသော မြေနေရာများနှင့် ဆက်စပ်ဧရိယာများအတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးနိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်