နေပြည်တော် ဇွန် ၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ ပြင်ဦးလွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဥယျာဉ်သာယာလှပရေးဆောင်ရွက် နေမှုကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး ကန်ပေါင်များပေါ်ရှိ ခြုံများရှင်းလင်းဆောင်ရွက်ထားမှု၊ ဥယျာဉ် ပတ်လမ်းပေါ်ရှိ  အုပ်မိုးကာဆိုင်း ရှင်လင်းထားမှု၊ ရွှံ့နွံတောဧရိယာအတွင်း ရေဝင်မြောင်း တူးခြင်းနှင့် အောက်ပေါင်းများ ရှင်းလင်းဆောင်ရွက်ထားမှု၊ ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုနှင့် ရေဝင်ပေါက်များ ရေစီးရေလာကောင်မွန်စေရေး ဆောင်ရွက်ထားရှိမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ ရေပေးဝေရေးအတွက် အရေးပါသော ဆင်လမ်းဆည်၏ ရေဝေရေလဲဒေသရှိ တောင်ပြိုတိုးချဲ့ကြိုးဝိုင်း၊ အကွက် အမှတ် (၁၀) ရှိ (၃/၂၀၂၂) ချယ်ရီစိုက်ခင်း (၅) ဧက ၊ အပင် (၂၇၀၀) နှင့်တောင်ပြို တိုးချဲ့ကြိုးဝိုင်း၊ အကွက်အမှတ် (၉) ရှိ (၁/၂၀၂၂) ဆင်လမ်းဆည်ရေဝေရေလဲစိုက်ခင်း (၇၅) ဧကတို့၏ ရှင်သန်အောင်မြင်မှု၊ ရေဝေရေလဲ သဘာဝတောများ ထိန်းသိမ်းကာကွယ်ထားမှု၊ ကွက်လပ်ဖြည့်စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆင်လမ်းဆည်ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပရေး၊ ဆည်အတွင်း နုန်းပို့ချမှုလျော့နည်းစေရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောအုပ်ချုပ်မှု မြှင့်တင်ဆောင်ရွက်ရေး မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တော ကျောင်း၊ ကျွန်းရတနာခန်းမတွင် သင်တန်းသား၊ သင်တန်းဆရာများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး သင်တန်းဆောင်များတွင် သင်တန်းပို့ချနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမြေတိုင်းကျောင်း ရှေးဟောင်း အဆောက်အဦကို ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု၊ သင်တန်းဆောင်များတွင် သင်တန်း ပို့ချနေမှုနှင့် လက်တွေ့သင်ထောက်ကူပစ္စည်းများ ပြသထားမှုကို လှည့်လည့်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)