နေပြည်တော် ဇူလိုင် ၁၀  

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြင်ဦးလွင် တပ်နယ် အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း‌ဒေ သကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၁၄ ၌ ကျင်းပသော ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းသည် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်လာပြီး ရာသီဥတုမျှတသာယာ ခြင်းစသည့် ပတ်ဝန်းကျင် ဆိုင်ရာဝန်ဆောင်မှုနှင့် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ၃၄၂ ကြိမ် သစ်ပင်ပေါင်း ၂၁၀,၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း။

 

ပြင်ဦးလွင်မြို့ကို ချယ်ရီမြို့တော်ဖြစ်စေရေး ၅ နှစ် စီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသနှင့်ကိုက်ညီသောသစ်မျိုးများ၊ အကြီးမြန်သစ်မျိုးများ၊ အရိပ်ရ သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်သည့် သစ်မျိုးများနှင့် အမြဲစိမ်း သစ်မျိုးများကို ရွေးချယ်၍ စနစ်တကျစိုက်ပျိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

သစ်ပင်များကို စိုက်ပျိုးရုံသာမဟုတ်ဘဲ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ရာသီအလိုက် ဆက်လက် လုပ်ဆောင်မှသာ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အထိမ်း အမှတ် သစ်ပင်  များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးဝန်ကြီး များ၊ တပ်နယ် အရာရှိကြီးများ၊ ဌာန၊ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးနေမှုများကို ကြည့်ရှု အားပေးကြသည်။

 

ယခု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ချယ်ရီပင် ၂၀၀၀  နှင့် စိန်ပန်းပြာပင် ၁၀၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ၌ အခြေခံ သစ်တောပညာသင်တန်း အမှတ်စဉ် ၁၁၇ မှ သင်တန်းသားများနှင့် တွေ့ဆုံကာ ရေရှည်တည်တံ့စေသော သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှုတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် အထူးလေ့လာကြိုးစားသွားကြရန်၊ လေ့ကျင့်သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကျိုးရှိအောင် အသုံးချ သွားကြရန် မှာကြားပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်ကန်တော်ကြီး အမျိုးသားဥယျာဉ်အတွင်း သန့်ရှင်းသာယာ လှပရေးဆောင်ရွက်ထားရှိမှု၊ ကန်တော်ကြီး ရေဝင်ရောက်မှုနှင့် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်အတွင်း စိမ်းလန်းသာယာလှပရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်း၊ လေ့ကျင့်ရေးသစ်တော အတွင်း စိုက်ပျိုး ထားသော ၂၀၂၂ မိုးရာသီ သစ်မျိုးစုံစိုက်ခင်း ရှင်သန်အောင်မြင်မှုနှင့် မေမြို့ထင်း ကြိုးဝိုင်း၊ အကွက်အမှတ် ၁၄ အတွင်း စိုက်ပျိုးထားသော ၂၀၂၁ တစ်အုပ်တစ်မချယ်ရီ စိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှု စစ်ဆေးပြီး ရေရှည်တည်တံ့အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ မယ်ညိုတောင်ကြိုးဝိုင်းအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ၂၀၂၃ ခုနှစ်၊ မိုးရာသီ တစ်အုပ်တစ်မစိုက်ခင်းဧက ၅၀ နှင့် ၉ ဧက စိုက်ခင်းများသို့ ရောက်ရှိပြီး တာဝန်ရှိသူများအား  လိုအပ်သည်များ မှာကြားကာ စိုက်ခင်းများ ရှင်သန်မှုကို ကြည့်ရှု စစ်ဆေးသည်။

 

သစ်တောဦးစီးဌာနအနေဖြင့် အာဆီယံလမ်းမကြီး ၅ လမ်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ရထားလမ်းများတစ်လျှောက်  လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်လှပရေးအတွက် စုစုပေါင်း မြေ ၈၃၉ ဧကတွင် သစ်ပင်ပေါင်း ၂ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)