တနင်္သာရီ ဖေဖော်ဝါရီ ၁၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ခရိုင်သစ်တောဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ရေး၊ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေး၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ်နှင့် သတ္တုများ ထုတ်ယူသယ်ဆောင်ခြင်းများ ကာကွယ်တာဆီးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးကာကွယ်ရေးနှင့် Fire Hotspots ဖြစ်ပွားမှုလျော့ချနိုင်ရေးတို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်းရှိ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက မုတ်ကောင်သားဖောက်မွေးမြူခြင်း၊ ဝတ်ဆံသွင်းခြင်း၊ ဝတ်ဆံမြဲစစ်ဆေးခြင်း၊ ပုလဲဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေကြောင်း၊ နှစ်စဉ်လျာထားချက်နှင့် ထုတ်လုပ်မှုကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ကောင်းမွန်အောင် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သားဖောက်ခန်းအတွင်း မုတ်ကောင်သားဖောက်မွေးမြူနေမှု၊ မုတ်ကောင်အတွင်း ဝတ်ဆံသွင်းပုလဲမွေးမြူမှု၊ X-Ray စက်ဖြင့် မုတ်ကောင်အတွင်း ဝတ်ဆံမြဲစစ်ဆေးဆောင်ရွက်မှု နှင့်မုတ်ကောင်အတွင်းမှ ပုလဲဖော်ထုတ်ခြင်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျွန်းစုမြို့နယ်၊ ဒိုမယ်ကျွန်းရှိ မြန်မာတာဆာကီကုမ္ပဏီ၏ ပုလဲမွေးမြူထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်နှင့် ယခုလအတွင်း ပုလဲဖော်ထုတ်ခြင်း မှရရှိလာသော ပုလဲများအား အရည်အသွေးအလိုက်၊ အရွယ်အစားအလိုက် ခွဲခြားပြသထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းစခန်းသို့ ရောက်ရပြီး မြန်မာ့ပုလဲ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဌာန၏ချမှတ်ထားသော ရေရှည်မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုလဲကျွန်းစခန်းအတွင်း မုတ်ကောင်သားဖောက် မွေးမြူနေမှုနှင့် ပုလဲဖော်ထုတ်ဆောင်ရွက်နေမှုများကို လှည်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်