ရန်ကုန်   အောက်တိုဘာ  ၃

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Nyingchi မြို့၌ အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့်  တတိယ အကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့တက်ရောက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။

 

 ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စာလှယ် အဖွဲ့အားဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ယခုကျင်းပမည့်ဖိုရမ်ကို ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စသည့် ကဏ္ဍ (၃)ခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။    

(သတင်းစဉ်)