နေပြည်တော်  ဇန်နဝါရီ ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ယနေ့ မွန်းလွဲ (၂) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းအရှိန်အဟုန်ဖြင့်ဆောင်ရွက်ရမည့် ပန်းခင်းစီမံချက် နှင့်ပတ်သက်၍ တိုင်းဒေ သကြီး/ ပြည်နယ်ဦးစီးမှူးများကို တွေ့ဆုံမှာကြားသည့် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် အရေးပါသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုနိုင်ငံတော်အစိုးရ ကာလအတွင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေဖြင့် ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများ၊ နိုင်ငံအတွင်း အမြဲနေနိုင်ငံခြားသားများကို စနစ်တကျဖြစ်စေရေးအတွက် နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနအနေဖြင့် နိုင်ငံသားတိုင်း လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ် လိုအပ်သည့် နိုင်ငံသားဖြစ်မှုအထောက်အထား ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာစီမံကိန်းများ ရေးဆွဲချမှတ်ဆောင်ရွက်ရာတွင် လိုအပ်သော စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များ ရရှိစေရေး အတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုကာလအတွင်း ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

ယင်းလုပ်ငန်းများအပြင် e-ID ဌာနအနေဖြင့် နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံးလုပ်ငန်းဖြစ်သည့် e-ID စနစ်လုပ်ငန်းကိုလည်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ယခုနိုင်ငံတော် အစိုးရတာဝန်ယူစဉ်ကာလအတွင်း အချို့လုပ်ငန်းများအား ပြီးပြတ်အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အချိန်ယူ ဆောင်ရွက်ရ မည့်လုပ်ငန်းများကို မပြီးပြတ်နိုင်သော်လည်း ရုပ်လုံးပေါ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များနှင့် နိုင်ငံတော်၏ စီမံချက်တစ်ခုအဖြစ်ဆောင်ရွက် နေသည့် ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း မဖြစ်မနေ ပြီးစီးအောင်မြင်အောင် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည့်အလျှောက် မည်သို့ပင် အခက်အခဲ၊ အဟန့်အတားများ ရှိစေကာမူ လျာထားချက်ပြည့်မီ ပြီးစီးရေးအတွက် လုပ်နိုင်သမျှသော နည်းလမ်းများဖြင့် တွေးတောကြံဆ ဆောင်ရွက်ကြရန်လိုကြောင်း၊ သမားရိုးကျ ဆောင်ရွက်ခြင်းထက် နယ်မြေဒေသအလိုက် အမြဲမပြတ်လေ့လာဆန်းစစ်ကာ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍  လုပ်ငန်းတိုးတက်မှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

 ယခုကာလသည် ပန်းခင်းစီမံချက် လျာထားချက် ထက်ဝက်ခန့် ပြီးစီးနေရမည်ဖြစ်သော်လည်း အချို့တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုသည် အကြမ်းဖျင်းအားဖြင့် လျာထားချက် သတ်မှတ် ရာခိုင်နှုန်းအထိ ရောက်ရှိနေကြပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသည် လျာထားချက် သတ်မှတ် ရာခိုင်နှုန်းပြည့်မီရေးအတွက် လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ ဆောင်ရွက်ပြီးစီး မှုများတွင် ခိုင်ခိုင်မာမာပြီးစီးကြောင်းနှင့် စနစ်တကျဖြစ်စေရေးအတွက် အထောက်အထား ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားရန်လိုကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းသည် ပန်းခင်းစီမံချက် လျာထားချက်ပြီးစီးသော်လည်း ရပ်တန့်ပြီးဆုံးသွားသည့် လုပ်ငန်းမဟုတ်သည့်အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမည့်လုပ်ငန်း ဖြစ်သည်နှင့်အညီ အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းသဘောသဘာဝအား မိမိတို့လက်အောက်ရှိ ဝန်ထမ်းများအားလုံး သိရှိနားလည်စေရေးအတွက်လည်း ရှင်းလင်းချပြ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့ဌာနအတွက်၊ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းသည် ပန်းခင်းစီမံချက်ဖြစ်သည်ကို အသိစိတ်ဓာတ်အပြည့်ဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိရှိ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)