နေပြည်တော်၊ ဩဂုတ် ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာရှိ ဓမ္မသုခ လယ်ပြင်ဦးကျောင်းတိုက် ဓမ္မာရုံ၌ ကျောက်ချက်ကျေးရွာအုပ်စုအတွင်းရှိ ကျောက်ချက်၊ အလယ်ရွာ၊ ထိန်ပင်၊ ရှမ်းရွာ၊ အိုင်စောက် စသည့် ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများကို တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေး အပြည့်အဝရရှိနိုင်ရေးအတွက် အထောက်အထားတစ်ခုဖြစ်သည့် နိုင်ငံသားကတ် ထုတ်ပေးခြင်းလုပ်ငန်းကို ယခုအခါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း၊ နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ယောက်အတွက် လူမှုစီးပွားဘဝ ဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ် အရေးကြီးသည့် ကတ်ပြားတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လုပ်ငန်းဆိုင်ရာကုန်ကျစရိတ်များအား နိုင်ငံတော်မှ ကျခံပေးထားသည့် အတွက် ကတ်ပြားမဆောင်ရွက်ရသေးသူများမှ ၎င်းတို့၏ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများသို့ အသိပေးဆောင်ရွက်ကြရန်သာ ဖြစ်ပါကြောင်း။
လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အတွက် ဒီဂျစ်တယ်စနစ်ပြောင်းလဲနိုင်ရေးအတွက် e-ID စနစ်ကို မိမိတို့ဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ နောင်တွင်နိုင်ငံသားကတ် ရရှိပြီးသူများအနေဖြင့် e-ID စနစ်လုပ်ငန်း ဆောင်ရွက်ရာ၌ အလွယ်တကူ ချိတ်ဆက်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားအားလုံး နိုင်ငံသားကတ် ရရှိကိုင်ဆောင် နိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ကာ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး နေခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရပ်မိရပ်ဖများကလည်း မိမိဒေသခံ ပြည်သူများအနက် နိုင်ငံသားကတ် မရှိသေးသူစာရင်းများပြုစု၍ သက်ဆိုင်ရာမြို့နယ် ရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးကြစေလိုပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းနှင့်ပတ်သက်၍ သိရှိလိုသည်များနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြား၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောက်ချက်ကျေးရွာ အုပ်စုအတွင်း ရှိ ရွာသူရွာသားများအတွက် ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ကွင်းဆင်းဆောင်ရွက် ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ကြရာ သက်ဆိုင်ရာ ကာယကံရှင်များက လက်ခံရယူကြပြီး ရွာသူရွာသားများ ကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ကျောက်ချက်ကျေးရွာအုပ်စုအတွင်းရှိ ရွာသူရွာသားများအနက် နိုင်ငံသားကတ် မရှိသူများ၊ အသက်ပြည့်မီလာသူများ၊ ပျောက်ဆုံးပျက်စီးမှုနှင့် လဲလှယ်သူများ အပါအဝင် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၃၃၅) ကတ်ကို ပန်းခင်းစီမံချက် အဆင့်(၂) ဖြင့် ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓမ္မသုခ လယ်ပြင်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တိလောကအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)