နေပြည်တော်၊ ဇန်နဝါရီ ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက်များကို Digital စနစ်သို့ ပြောင်းလဲနိုင်ရေး ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် နေပြည်တော်ရှိ ရုံးချုပ်နှင့် Online စနစ်ဖြင့် ချိတ်ဆက်၍ အချက်အလက်များ တိုက်ဆိုင်ဖြည့်သွင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ဖြစ်သည်နှင့်အညီ စနစ်တကျ ထိန်းသိမ်းနိုင်ရေးနှင့် e-ID စနစ်အကောင်အထည်ဖော်ရာတွင် ချိတ်ဆက် အသုံးပြုနိုင်ရေး ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မနောရွှေပြည်ခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ဝင်/ထွက်သွားလာရာတွင် စနစ်တကျဖြစ်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းဆိုင်ရာများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး သိရှိနားလည်ထားကြရန် လိုအပ်ကြောင်း။
နိုင်ငံသားများအား နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မဖြစ်မနေ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။
e-Goverment စနစ်၏ အခြေခံအကျဆုံး လုပ်ငန်းဖြစ်သော e-ID စနစ် အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ရာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆိုင်ရာ ကြိုတင်ဆောင်ရွက်ရန်ရှိသည်များကို စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ကောက်ယူရန် အလှည့်ကျပြီဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ရာ ပြီးစီးနိုင်သမျှသော လုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် မြို့နယ်အလိုက်ဆောင်ရွက်ရန် သတ်မှတ်လျာထားသည့် အရေအတွက်များကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


