နေပြည်တော်  မေ  ၁၂ 
    
၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်အဆင့် စည်းကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင်  နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမတွင် ကျင်းပသည်။

အစည်းအဝေးသို့ (၂၃) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်ကြီးများ တက် ရောက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
    
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှ စတင်၍ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်မှ စတင်၍ ထိုစဉ်က အစိုးရသည် အဆို-အက-အရေး-အတီးပြိုင်ပွဲကြီးကို ကျင်းပခြင်းမရှိဘဲ ရပ်ဆိုင်းထားခဲ့ရာ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို-အက-အရေး-အတီးပြိုင်ပွဲကြီး ကျင်းပရန် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို-အက-အရေး-အတီးပြိုင်ပွဲနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ပြီး “မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပရန်” ခွင့်ပြုခဲ့ပါကြောင်း၊ ပြိုင်ပွဲများတွင် တရားမျှတမှုရှိအောင် ကြိုတင်စီမံ ဆောင်ရွက် ထားရှိရန်” လိုကြောင်း၊ ဆို က ရေး တီး ပြိုင်ပွဲကို ငါးနှစ်တာမျှ ကြာမြင့်မှ ပြန်လည်ကျင်းပရခြင်း ဖြစ်သော်လည်း ပြိုင်ပွဲနေရာ သတ်မှတ်ခြင်းကလွဲ၍ ကျန်သော ပြိုင်ပွဲအဆင့်၊ ပြိုင်ပွဲဝင် ဘာသာရပ် စသည်တို့မှာ များစွာပြောင်းလဲ မှု မရှိပါကြောင်း၊ ပြိုင်ပွဲနေရာများကို ယခင် ပြုလုပ်နေကျ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၊  မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှာ မပြုလုပ်ဘဲ MICC-2၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက် (နေပြည်တော်)၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှုရတနာခန်းမနှင့် လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော် မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ စသည့် နေရာသစ်များသို့ ပြောင်းရွှေ့ထားပါကြောင်း၊ ပြိုင်ပွဲကျင်းပမည့်ရက်ကို  အောက်တိုဘာလ သီတင်းကျွတ် ကျောင်းပိတ်ရက်များတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
    
ဆက်လက်၍ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကိုရှင်းလင်း တင်ပြသည်။ 
    
ထို့နောက်တက်ရောက်လာကြသော ဆပ်ကော်မတီများမှ တာဝန်ရှိ သူများ အကဲဖြတ် ပညာရှင်များက မိမိတို့တာဝန်ယူကြသည့် ကဏ္ဍအလိုက် ဆောင်ရွက်ထား ရှိမှုတို့ကို တင်ပြဆွေးနွေးကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက် လာကြသော ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသူ များက အထွေထွေဆွေးနွေးတင်ပြကြသည်။ 
    
ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က တင်ပြချက်များအပေါ်  ပြန်လည်၍ သုံးသပ်ဆွေးနွေးသည်။ 
    
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း နေပြည်တော်၌ နိုင်ငံတော် အဆင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်ထည့်သွင်း ကျင်းပမည့် တိုင်းရင်းသားရိုးရာအကပြိုင်ပွဲတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့လိုက်ကပြ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)