နေပြည်တော် ဇွန် ၁၂

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတို့အကြား ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ Green Energy အသွင်ကူးပြောင်းရေးကဏ္ဍတို့တွင် နီးကပ် စွာပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင်ဆိုင်ရာနည်းပညာဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးနှင့် ထုတ်လုပ်ရေးနှင့် ရေနံချက်စက်ရုံ ဆိုင်ရာနည်းပညာများလေ့လာနိုင်ရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ မြန်မာနိုင်ငံမှ ပညာရှင်များစေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်