နေပြည်တော် ဇန်နဝါရီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် မအူတော ကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာ သို့သွားရောက်၍ အသင်းသား ၁၂၀၊ စိုက်ပျိုးမြေဧက ၅၁၀ ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ပျိုးမည့် ရွှေဇေယျာစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
စီစဉ်ပေးမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား တောင်သူများအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သက်တံ့ရောင် သမဝါယမစီမံကိန်း ရန်ပုံငွေတို့ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးပေးခဲ့ပြီး ထွက်ရှိလာသော စပါးများကို အသင်းပိုင်ဆန်စက်မှ ပြန်လည်ဝယ်ယူ ကြိတ်ခွဲပေးခဲ့ပါကြောင်း၊ အသင်းသား တောင်သူများကလည်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်တိုးမျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပြီး အသင်းမှ စီစဉ်ပေးမည် ဖြစ်ကြောင်း။
ညှိနှိုင်းပေါင်းစပ်
မြေယာပြုပြင်ရာတွင်လည်း ဓာတ်မြေဩဇာကို သက်သာသော ဈေးနှုန်းရရှိအောင် စီစဉ်ဆောင် ရွက်ပေးမည်ဖြစ်၍ သဘာဝ မြေဩဇာများ ရောနှောပေါင်းစပ် အသုံးပြုကြရေး၊ ဆည်ရေသောက် စနစ်ဖြစ်သည့်အတွက် ရေကို အကျိုးရှိစွာအသုံးချရေး၊ စိုက်ပျိုးရေးဦးစီးဌာနမှပို့ချသော စိုက်နည်း စနစ်များအတိုင်း စနစ်တကျ စိုက်ပျိုးကြရေး၊ နိုင်ငံတော်ထံမှ ချေးယူထားသည့် ချေးငွေများ အပြေအကျေ ပြန်လည်ပေးဆပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဒေသခံပြည်သူများနှင့် အသင်းသား တောင်သူများ၏ စိုက်ပျိုးရေး ဆိုင်ရာလိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ စပါးတင်း ပေါင်း ၅၀၀၁၃၁ တင်း၊ ဆန် ထုတ်လုပ်မှုနှင့် ရိက္ခာဆန်ပေးသွင်း မှုအနေဖြင့် ၂၄ ပြည် ဆန်အိတ် ပေါင်း ၁၈၆၀၅၀ ဝယ်ယူကြိတ်ခွဲ ထုတ်လုပ်ခဲ့သော ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းပိုင် ဆန်စက်လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


