နေပြည်တော် ဒီဇင်ဘာ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းတွင် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်း ကျောင်းလုပ်ငန်းနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံကို ကြည့်ရှုစစ်ဆေးပြီး ရိုးရာရက်ကန်းအတတ်ပညာကို ထိန်းသိမ်းရန်၊ ပိုမိုတိုးတက် ကောင်းမွန်ရေး လေ့လာဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများ ရိုးရာရက်ကန်းထုတ်ကုန်များကို တိုးချဲ့ထုတ်လုပ် နိုင်ရေး ကူညီဆောင်ရွက်ရန်၊ ရက်ကန်းပညာအခြေပြု အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ဆောင်ရွက်ရန် မှာကြားပြီး စက်ရက်ကန်း၊ လက်ရက်ကန်း ရွှေချည်ထိုးငွေချည်ထိုး သင်တန်းလက်တွေ့သင်ကြားနေမှုကို ကြည့်ရှု အားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုပ်လုပ်ရေး သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသော မန္တလေးနို့ချက်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းရရှိရေး၊ နို့ဆီအရည်အသွေးကောင်းမွန် ရေးနှင့် ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun(Good Brother’s) ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော တန်(၁၅၀)ဆန်စက် တည်ဆောက်နေမှုကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ကာလ အတွင်းပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး၊ ကုန်ကြမ်း အဆင့်သင့်ရရှိရေး၊ စပါးစိုက်တောင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် တောင်သူများလိုအပ်သည့် သွင်းအားစု၊ နည်းပညာများကို သမဝါယမအသင်းများနှင့် ကူညီပူးပေါင်းဆောင်ရွက်ပေးရေးမှာကြားပြီး ဆန်စက်ရုံတည် ဆောက်မည့်မြေနေရာ၊ သဘာဝမြေဩဇာထုတ်လုပ်နေမှု၊ နို့ချက်စက်ရုံအတွင်း ထုတ်လုပ်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်(မန္တလေး)၌ ကျောင်းသား ကျောင်းသူများအား စာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးပြီး သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း(မန္တလေး)သို့ရောက်ရှိရာ ကျောင်းသား ကျောင်းသူများ စာကြိုးစားကြရန်၊ အမှန်တကယ် တတ်မြောက်စေရေး ဆရာဆရာမများအနေဖြင့် ကြိုးစားသင်ကြားပေးရန်၊ သတ်မှတ်အရည်အချင်းပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်ရန်၊ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးရန်တို့နှင့် စပ်လျဉ်း၍မှာကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ တင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)