နေပြည်တော် ဒီဇင်ဘာ ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇမ္ဗုသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၊ အလျင်လိုကျေးရွာ၊ အောင်ဇမ္ဗူရပ်ကွက်၊ ရှားတောကျေးရွာ၊ ဂုဏ်မင်းအင်းကျေးရွာတို့မှ သမဝါယမ အသင်းသားတောင်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာန ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးအထွက်နှုန်းကိစ္စများ၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့် ညီမျှသောငွေအတွက် ပြန်လည်ပေးသွင်းမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဓာတ်မြေဩဇာနှင့် သွင်းအားစုများ ထောက်ပံ့ရာတွင် တောင်သူများလက်ဝယ်သို့ သတ်မှတ် ဈေးနှုန်းများအတိုင်း ရောက်ရှိရေး မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးပြီး သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်း ကျေးရွာအုပ်စုနှင့် ဂုဏ်မင်းအင်းကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဂုဏ်မင်းအင်းကျေးရွာ၌ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်မှု၊ အမြင့်တင်ရေစင်တည်ဆောက်ပြီးစီးမှု၊ ရေပိုက်လိုင်းသွယ်တန်းမှု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကိုဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုဏ်မင်းအင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော အိမ်ခြေ ၂၇၅ ၊ လူဦးရေ ၁၀၀၀ ကျော်အတွက် အကျိုးပြုပေးနိုင်မည့် စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်တင်ရေစင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)