နေပြည်တော် ဒီဇင်ဘာ ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာ၌ ရွှေဝါထွန်း(၂)စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာ စမ်းသပ် စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရုံးတောကျေးရွာ၌ ရွှေဝါထွန်း(၂) စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမ အသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဆီထွက်သီးနှံနေကြာမျိုးများဖြစ်သည့် မြန်မာနိုင်ငံမှ ရေဆင်းမျိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent မျိုးများ စမ်းသပ်စိုက်ပျိုးနေမှုကို တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ကျရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမအသင်းသား တောင်သူများ၊ တာဝန်ရှိသူများအနေဖြင့် သီးနှံများအထွက်တိုးစေရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးမြေအမျိုးအစား၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်နည်းစနစ်များရရှိပြီဖြစ်၍ ပန်းတိုင် အထွက်နှုန်း ရရှိရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတု၊ မြေအမျိုးအစားပေါ် မူတည်၍ မည်သည့်မျိုးက ရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည်ကို သိရှိရန်လိုအပ်ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သတ်မှတ်ချိန် စိုက်ပျိုးရေရရှိရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး ဆောင်းဆီထွက်သီးနှံနေကြာ စမ်းသပ်စိုက်ပျိုးနေမှုကို ကြည့်ရှု စစ်ဆေးသည်။
(သတင်းစဉ်)