နေပြည်တော် မတ် ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ဘက်စုံခြံအတွင်း အသားတိုးကြက်မွေးမြူထားရှိမှု အခြေအနေများနှင့် သမဝါယမအသင်းစုပိုင်မြေပေါ်တွင် တိရစ္ဆာန်အစာစပ်စက်ရုံ တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တိရစ္ဆာန်ရောဂါများ မကျရောက်စေရေးနှင့် ကြီးထွားမှုနှုန်းများ ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျန်ရှိသည့်ကြက်ခြံများတွင်လည်း အသားတိုးကြက်များ ဆက်လက်မွေးမြူနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ဘက်စုံသုံးခြံအတွင်း မိုးအခါရေစီးရေလာကောင်းမွန်စေရေး ရေထုတ်မြောင်းများ တူးဖော်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအတွင်း အိန္ဒိယနေကြာ ဆူရာကီရန် (Suryakiran) မျိုး (၈) ဧက စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသားတောင်သူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သီးနှံများအထွက်တိုးစေရေးအတွက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပြီး လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားကာ အသားတိုးနွားများ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
