နေပြည်တော် ဒီဇင်ဘာ ၁၇

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့ နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ သမဝါယမ လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစား ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး) သို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးက ကျောင်းသားကျောင်းသူများ တက်ရောက်မှု၊ သင်ကြားပို့ချနေမှု၊ အလုပ်အကိုင်ရရှိရေး Job Fair ပြုလုပ်ပေးမည့် အစီအစဉ်များ၊ စာသင်ဆောင်၊ သင်တန်းသားအိပ်ဆောင်၊ စားသောက်ရေးစီစဉ်ပေးထားမှုနှင့် သင်တန်းကျောင်းအတွက် လိုအပ် ချက်များကို ရှင်းလင်းတင်ပြသည်။

 

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်း အမြစ်ဖွံ့ဖြိုးရေးသည် အရေးကြီးပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားပြီး စာကြိုးစားကြရန်မှာကြားလိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများ အမှန်တကယ် တတ်မြောက်ရေး၊ ကြိုးစားသင်ကြားပေးရန် လိုအပ်ကြောင်း၊ သင်တန်းကာလ ၂ နှစ်ပြည့်မြောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်အရည်အချင်းပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန်ကျောင်းသားကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျောင်း၏ဂုဏ်ကို ဆောင်နိုင်သည့် စည်းကမ်းရှိသော နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြရန် မှာကြား၍ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းမှ အစုအဖွဲ့စနစ်ဖြင့် အသင်းသားဦးရေ (၁၅) ဦးက မွေးမြူထားသော အသားတိုး နွားခြံလှောင်မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေ ပြည်သူများအနေဖြင့် နိုင်ငံတော်မှ အရင်းအနှီးများ မတည်ပေးပြီးဖြစ်၍ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ခြံလှောင်မွေးမြူခြင်းမှ ရရှိသည့် နွားချေးများအား သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်း အောင်မြင်ရေးဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ “ရွှေရှမ်းဖြူ” စားသောက်ကုန်လုပ်ငန်းသို့ ရောက်ရှိပြီး ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်၊ အားလူးကြော် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ကုန်များ ဘေးကင်းလုံခြုံရေးနှင့် ဈေးကွက်ရရှိရေးဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

သတင်းစဉ်