နေပြည်တော် နိုဝင်ဘာ ၂၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေပြည်တော် လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာရှိ ရုရှားသဘာဝမြေဩဇာအသုံးပြု စမ်းသပ်စိုက်ပျိုးထားသော တောင်သူ ဒေါ်သက်၏ ဆင်းသုခမိုးစပါးရက်(၁၂၀)တစ်ဧက စမ်းသပ်စံပြကွက် ရိတ်သိမ်းနေမှုကို  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ယာယီ ရှင်းလင်းဆောင်၌ သမဝါယမအသင်းသားတောင်သူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ရုရှားသဘာဝမြေဩဇာ အားဖြည့်ဆေးရည် အသုံးပြုခြင်းအားဖြင့် တစ်လီတာကို စိုက်ပျိုး မြေဧက ၆ ဧကအထိ သုံးပြုနိုင်မည်ဖြစ်ပြီး ကုန်ကျ စရိတ်အနေဖြင့် မြန်မာကျပ်ငွေ ၉၀၀၀ ခန့်သာ ကျသင့်မည်ဖြစ်ကြောင်း၊ တစ်ဧကအတွက်လျှင် ဆေးရည် ၁၈၀ မီလီလီတာ အသုံးပြုပါက ကုန်ကျ စရိတ်အနေဖြင့် မြန်မာကျပ်ငွေ ၃၀၀၀ ခန့်သာကျသင့်မည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာ အားဖြည့် ဆေးရည် အသုံးပြုခြင်းအားဖြင့် ပုလဲဓါတ်မြေဩဇာ အသုံးပြုမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချအသုံး ပြုနိုင်မည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်များ သက်သာသွားမည့်အပြင် မြေဆီလွှာပျက်စီးမှုကို လည်းလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အထွက်တိုး စပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝ မြေဩဇာ အားဖြည့်ဆေးရည်များ လုံလောက်စွာ ရရှိရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန် ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း၍ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေး လုပ်ငန်း များကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင်  ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းသား တောင်သူများအနေဖြင့် သဘာဝမြေဩဇာ ဆေးရည်များ အသုံးပြုမည်ဆိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ စနစ်တကျ စမ်းသပ်အသုံးပြုဆောင်ရွက်သွားနိုင်ကြောင်း ရှင်းလင်းပြောကြားကာ ကျေးရွာတောင်သူ များ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာ၌ ရုရှားသဘာဝမြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုးထားသည့် တောင်သူဒေါ်သက်၏ ဆင်းသုခမိုးစပါး ရက်(၁၂၀) တစ်ဧက စမ်းသပ်စံပြကွက် ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)