ရန်ကုန် မတ် ၂

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် သာသနာ့ ရိပ်သာလမ်းရှိ ဖလင်မော်ကွန်းတိုက်မှ ရုပ်ရှင်ဇာတ်ကားများအား ဖလင်မှဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ကမ္ဘာအေးဘုရားလမ်းနှင့် အုတ်ပုံဆိပ်လမ်းထောင့်ရှိ အမျိုးသားဖလင်မော်ကွန်းပြတိုက် တည်ဆောက်ရန်လျာထားသည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဗဟန်းမြို့နယ် သာသနာ့ရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလင်မော်ကွန်းတိုက် အဆောက်အအုံသို့ ရောက်ရှိရာ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့်က မြန်မာ့ရုပ်ရှင် ဇာတ်ကားများနှင့် သတင်းမှတ်တမ်းကားများအား ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းကားများမှာ မြန်မာ နိုင်ငံ၏ သမိုင်းယဉ်ကျေးမှုနှင့် ပုံရိပ်များအား မီးမောင်းထိုးပြနေသည့်အရာများဖြစ်သည့်အတွက် မြန်မာ့ ရုပ်ရှင်လုပ်ငန်း၏ အသက်ဝိညာဉ်ဖြစ်သကဲ့သို့ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုသမိုင်းလည်းဖြစ်ကြောင်း၊ ယခင်က ယင်းဖလင်များကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲထိန်းသိမ်းနိုင်မှုမရှိခဲ့ခြင်းကြောင့် အချို့သော ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းမှတ်တမ်းကားများ ပျောက်ဆုံးပျက်စီးခဲ့ရသည်ကို စိတ်မကောင်းဖွယ် တွေ့ရပါကြောင်း။

 

မိမိတို့တာဝန်ယူချိန်မှစ၍ ဖလင်သန့်စင်စက်များ၊ ဖလင် Scanner စက်များကို ဝယ်ယူပေးခဲ့ပြီး ဖလင်မှ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါရုပ်ရှင်ဇာတ်ကား အချို့နှင့် သတင်းမှတ်တမ်းကားအချို့ကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းထားနိုင်ခဲ့ပြီး သတ်မှတ်ထားသည့် အရည်အသွေးများအတိုင်း စနစ်တကျဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ ဖလင်မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားရှိသည့် ဖြူ/မည်းရုပ်ရှင် ဇာတ်ကား ၁၂ ကား၊ ဆေးရောင်စုံဇာတ်ကား ၁၅၄ ကားနှင့် သတင်းမှတ်တမ်းကား ၂၇၈၁ ကားတို့ကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ရန်နှင့် နိုင်ငံတကာ အဆင့်မီ အမျိုးသားဖလင်မော်ကွန်းတိုက်ကြီးတစ်ခု တည်ဆောက်၍ စနစ်တကျထိန်းသိမ်းနိုင်ရန် ရည်မှန်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

 

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် သက်တမ်း နှစ် ၁၀၀ ခန့်ရှိသည့် မော်ကွန်းရုပ်ရှင်အဆောက် အအုံအား ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည့် ရုပ်ရှင်ပညာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်မှာကြားသည်။

 

ဆက်လက်၍ ကမ္ဘာအေးဘုရားလမ်း အုတ်ပုံဆိပ်လမ်းထောင့်ရှိ အမျိုးသားဖလင်မော်ကွန်းတိုက် တည်ဆောက်ရန် လျာထားသည့်မြေနေရာနှင့် ဆောက်လုပ်မည့်အစီအစဉ်များကို ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမတွင် မြန်မာ့ရေးရာလေ့လာရေးအဖွဲ့နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)တို့မှ အဖွဲ့ဝင်များအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ ဆွေးနွေးရာတွင် မြန်မာ့ရေးရာလေ့လာရေးအဖွဲ့က စီစဉ်ထုတ်ဝေလျက်ရှိသည့် မြန်မာရေးရာ၊ ကမ္ဘာ ရေးရာ၊ တိုင်းရင်းသားရေးရာ စာအုပ်များသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအကြောင်း အရာများ၊ နည်းပညာရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ဥပဒေဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်း၍ ကဏ္ဍစုံအောင် ဖော်ပြပေးနေသည်ကို တွေ့ရပါကြောင်း၊ ယင်းစာအုပ်များကို ပိုမိုကောင်းမွန် ပြည့်စုံစေရန် စီစဉ်ထုတ်ဝေရမည်ဖြစ်ပြီး ကျယ်ပြန့်စွာဖြန့်ဝေနိုင်ရန် ဆောင်ရွက်စေလိုကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းများကို ကမ္ဘာသို့ပျံ့နှံ့ ရောက်ရှိစေရေးနှင့် ပြောင်းလဲနေသည့် ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များပေါ်တွင် ပြောင်းလဲလိုက်ပါဆောင်ရွက်နိုင်ရေးအတွက် “မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့” ကို ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း။

 

ယခုအခါ သက်ဆိုင်ရာကဏ္ဍအလိုက် သုတေသနအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပြီး ကိုယ့်လမ်းကြောင်းနှင့်ကိုယ် နိုင်ငံတော်၏ပုံရိပ်ကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင် ရွက်ရာတွင် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်နှင့် နိုင်ငံအတွင်းသာမက ပြည်ပသို့ပါ ထိုးဖောက်ဆောင်ရွက်၍ ကြိုးပမ်းရမည်ဖြစ် ကြောင်း၊ ၂၀၂၅ ခုနှစ် မတ်လတွင် နိုင်ငံတကာပညာရှင်များ ပါဝင်သည့် ဖိုရမ်ကြီးတစ်ခု ကျင်းပကာ နိုင်ငံ့ပုံရိပ်မြှင့်တင်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဆွေးနွေးရှာဖွေကြမည် ဖြစ်ပါကြောင်း၊ ယင်းဖိုရမ်တွင် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများကို ဖော်ပြရင်း နိုင်ငံတကာမှ မိမိတို့နိုင်ငံအပေါ် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများရရှိရန် မျှော်မှန်းရမည် ဖြစ်ပါကြောင်း မှာကြားသည်။

 

ထို့နောက် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုနှင့် တာဝန်ရှိသူများက မကြာမီကျင်းပမည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်း များ” ခေါင်းစဉ်ဖြင့် ကျင်းပမည့်ဖိုရမ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ ကြောင်းသိရသည်။

 

သတင်းစဉ်