ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မော်လမြိုင် ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ သတင်းတု သတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေး

မော်လမြိုင် ဒီဇင်ဘာ ၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယနေ့နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မော်လမြိုင်တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၊ နည်းပညာ တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ၊ စာပေယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူများက သာစွဌာနေ ရာမညမြေ တေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး ရှေ့သို့ချီမည် ပန်းတိုင်ဆီ၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍ၊ တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ် စသည့် video clip များကို ပြသသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အချိန်တွင် မသမာသူ အဖျက်သမားများက မီဒီယာလုပ်ငန်းများကို အသုံးချ၍ သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်ကာ ပြည်သူများအား အသိအမြင်လွဲမှားစေရန် သတင်း အဆိပ်ခတ် ဆောင်ရွက်နေကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၈၈ ခုနှစ်၌ မင်းမဲ့စရိုက်ဆန်သည့် လုပ်ဆောင်ခဲ့မှုများကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ ဂုဏ် သိက္ခာကျဆင်းကာ ကမ္ဘာတွင်အရှက်ရစေခဲ့ပါကြောင်း၊ ယခုအခါ အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဒုစရိုက်မှု အမျိုးမျိုးကို ကျူးလွန်ခြင်းများကို တွေ့မြင်နေကြရမည်ဖြစ်ကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်များတွင် နိုင်ငံတော်အစိုးရက လမ်း၊ တံတား၊ အဆောက်အအုံ စသည့် အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးခဲ့သော် လည်း မိမိတို့ဒေသရှိ ပြည်သူများ၏မျက်နှာကို မထောက်ထားဘဲ အကြောင်းမဲ့ ဖျက်ဆီးတိုက်ခိုက်မှုများသည် လွန်စွာလွဲမှားသော လုပ်ရပ်ပင်ဖြစ်ကြောင်း၊ အားလုံး ကို ခြုံကြည့်ပါက အဖျက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် လွယ်ကူသော်လည်း  ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ငွေကြေး အရင်းအနှီးများရော အချိန်ကာလများပါပေး၍ တည်ဆောက်ရမည် ဖြစ်သဖြင့် ဒေသခံပြည်သူများ အတွက် လွန်စွာ နစ်နာနိုင်သည်ကို သိမြင်ကြရန် လိုပါကြောင်း၊ ထို့ကြောင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါကြောင်း။

ယနေ့အချိန်တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော စစ်ပွဲများကို အကြောင်းပြု၍ မသမာသူများက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုကို  ထိခိုက်ပျက်ပြားအောင် သတင်းအမှားများ ထုတ်လွှင့်သွေးခွဲနေကြပါ ကြောင်း၊ ထို့ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးနှင့် ပြည်သူလူထုထံ သတင်းမှန်များ မှန်ကန်စွာ စီးဆင်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေပါကြောင်း၊ ထို့နည်းတူ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေး ကဏ္ဍတွင် မီဒီယာ၏အခန်းကဏ္ဍကို စနစ်တကျ စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အချို့သော နိုင်ငံကြီးများသည် မီဒီယာနည်းလမ်း များကိုအသုံးချ၍ မိမိတို့နိုင်ငံအား ဘက်ပေါင်းစုံမှ ဝေဖန်ပုတ်ခတ်တိုက်ခိုက်ကာ နိုင်ငံ၏ ပုံရိပ်ကျဆင်းအောင် ဆောင်ရွက်နေကြသည်ကို အသိတရားဖြင့် ရှုမြင်သုံးသပ်ပေးကြစေ လိုကြောင်း။

ယနေ့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်၏ သားကောင်းများဖြစ်၍ မိမိတို့ တန်ဖိုးထားပါကြောင်း၊ နောင် တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရသည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြပါဟု အလေးထား ပြောကြားလိုပါကြောင်း၊ မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့် အကြမ်းဖက်တိုက်ခိုက်မှု  အညွှန်းကိန်း အစီရင်ခံစာ၌ မြန်မာနိုင်ငံကို အကြမ်းဖက်  တိုက်ခိုက်မှု အများဆုံး (၁၀) နိုင်ငံစာရင်းတွင် ထည့်သွင်း ဖော်ပြထားသည့် အတွက် မြန်မာနိုင်ငံကို ချစ်သည့် ပြည်သူများ၊ အကြမ်းဖက်မှု မလိုလားသည့် ပြည်သူများ၊ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးကို လိုလားသည့် ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ဝိုင်းဝန်း ဆန့်ကျင်တိုက်ဖျက်ပေးကြပါဟု ပြောကြားသည်။ (အပေါ်ပုံ)

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ်အတွင်း ရှိ မြို့နယ်၊ ကျေးရွာများ အတွက် DVB T 2 Set Top Box အလုံး ၆၀၀ ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ကျော်စွာမြင့် အားလည်း ကောင်း၊ မွန်ပြည်နယ် တပ်နယ် မိသားစုများအတွက် DVB T2 Set Top Box အလုံး ၄၀၀ ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး စိုးမိုးကျော် အားလည်းကောင်း ပေးအပ်လှူဒါန်းသည်။

မွန်လွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မော်လမြိုင် (ခရိုင်ရုံး)ကို လည်းကောင်း၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနရုံး၌ Community Centre ဆောက်လုပ်မည့် မြေနေရာကို လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (မော်လမြိုင်) ကို လည်းကောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (မော်လ မြိုင်) ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာရှိ ကျောက်သင်ပုန်းနှင့် အမှတ်တရပစ္စည်းလုပ်ငန်း အရောင်းဆိုင်ကို လည်းကောင်း၊ ရွာလွန်ကျေးရွာရှိ ဆေးတံနှင့် သစ်သားပန်းပုလုပ်ငန်းအရောင်း ဆိုင်များကို  လည်းကောင်း လှည့်လည်ကြည့်ရှု  လေ့လာ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME) များ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန် နိုင်ငံတော်အစိုးရက ကူညီ ပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်