နေပြည်တော် မတ် ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် ဒုတိယဝန်ကြီး ဦးရဲတင့် တို့သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်နှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ နေထိုင်သည့် အိမ်ရာများ၊ လူပျိုနှင့် အပျိုဆောင်များသို့ သွားရောက်၍ အိမ်ရာ၊ အဆောင် စည်းကမ်းချက်များနှင့် အညီနေထိုင်ရေး၊ အဆောက်အဦများပြုပြင်ထိန်းသိမ်းရေး၊ ရေ၊ မီး နှင့် ရေနုတ်မြောင်းစနစ်များ ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ လုံခြုံရေးအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးကာ မိသားစုဝင်များ အားထောက်ပံ့ငွေများ  ပေးအပ်သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ်   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ဝန်ထမ်းများ နေထိုင်မှု အဆင်ပြေအောင် နိုင်ငံတော်က ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်၍ နေထိုင်ခွင့်ပြုထားသကဲ့သို့ ဝန်ထမ်းများအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ  နေထိုင်ကြရန်၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သော ဝန်ထမ်းများအနေဖြင့် အိမ်ရာနှင့် အဆောင်လုံခြုံရေး အတွက် အသိသတိဖြင့် ဧည့်သည်များ၊ မသက်ဆိုင်သူများ လက်ခံထားရှိခြင်းမပြုရန်နှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ လာရောက်တည်းခိုနေထိုင်ပါက ခွင့်ပြုချက်ရရှိမှသာ တည်းခိုနေထိုင်စေရန်နှင့် ဧည့်စာရင်းတိုင်ကြားရန်၊ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာနှင့် အဆောင်ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်၊ လျှပ်စစ်မီးများကို ဂရုစိုက်သုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး စနစ်တကျ စီမံဆောင်ရွက်ရန်၊  စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရန်နှင့် လုံခြုံရေး အထူးသတိပြုရန် မှာကြားသည်။

ထို့အတူ ဒုတိယဝန်ကြီး ဦးရဲတင့် က လိုင်းခန်းအတွင်း၊ အပြင်နှင့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းလုပ်ဆောင်ကြရန်၊ မီးဘေးအန္တရာယ်နှင့် လျှပ်စစ်မီးသုံးစွဲမှု၊ ရေသုံးစွဲမှုတို့ကို ညွှန်ကြားချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ကြရန်၊ တိုက်တာဝန်ခံ၊ ဒုတိယတိုက်တာဝန်ခံများအနေဖြင့် ဧည့်စာရင်းအပါအဝင်သန့်ရှင်းရေးနှင့် စည်းကမ်းတကျ နေထိုင်ရေးအတွက် စစ်ဆေးကြပ်မတ်ကြရန်၊ အခက်အခဲများရှိပါက အိမ်ရာကြီးကြပ် သူများမှတစ်ဆင့် တင်ပြဆောင်ရွက်ကြရန်နှင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန် မှာကြားခဲ့သည်။

သတင်းစဉ်