မန္တလေး၊ အောက်တိုဘာ ၂၀

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင်  နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ရတနာပုံခန်းမ၌ တက္ကသိုလ် ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၃) မှ သင်တန်းသားများအား နိုင်ငံတော် တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ ဘာသာရပ်သင်ခန်းစာကို ဆွေးနွေးပို့ချရာ ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေး ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။

 

ဟောပြောပို့ချ

 

ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပို့ချရာတွင် နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ထွန်းတိုးတက်မှု အခြေအနေများ၊ တိုင်းပြညသာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် အစိုးရ၏ အားထုတ်ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု အခြေအနေများ၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ပုံများ၊ နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် ပြပွဲ/ပြိုင်ပွဲ၊ ပွဲတော်များကျင်းပပြုလုပ် ဆောင်ရွက်ခဲ့မှုများ၊ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ပြီးနောက် နိုင်ငံတော်အဆင့် ဦးဆောင်ပြီး ပြန်လည်ထူထောင်နိုင်ခဲ့မှု အခြေအနေများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့မှုများ၊ သတင်းတု/ သတင်းမှား တုံ့ပြန်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုများ၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာနှင့် ပတ်သက်သည့် အစည်းအဝေးနှင့် အခမ်းအနားများသို့ ပြန်ကြားရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ၊ မီဒီယာဆက်ဆံရေးနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ သင်တန်းသား သင်တန်းသူများ အခြားသိသင့် သိထိုက်သည့် အကြောင်းအရာများကို ဆွေးနွေး ဟောပြောပို့ချခဲ့သည်။

 

အဆိုပါ သင်တန်းမှာ ရက်သတ္တ ငါးပတ်ကြာ ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး တက္ကသိုလ် ကောလိပ်များမှ ဆရာ ဆရာမ ၃၉၇ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

ညနေပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ပုံနှိပ်ရေနှင့် ထုတ်ဝေရေးဦးစီးဌာနအထက် မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) သို့ ရောက်ရှိပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။

 

ထို့နောက် စက်ရုံအတွင်း ပုံနှိပ်ရေးလုပ်ငန်းများ၊ ထုတ်ဝေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု၍ ပြည်ထောင်စု ဝန်ကြီးက သာပေါင်းစက္ကူစက်ရုံမှ ယခုအခါ သတင်းစာစက္ကူ ကုန်ကြမ်းများကို နမူနာပေးပို့လာသဖြင့် သတင်းစာတိုက်တွင် စမ်းသပ်မှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ နောင်တွင် ကျောင်းသုံးစက္ကူ 70 GSM အဆင်သို့ ရောက်ရှိလာပါက ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များကို ယခုထက် အရေအတွက် ပိုမိုရိုက်နှိပ်ပေးရန်ရှိသဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ပုံနှိပ်လျက်ရှိသည့် သင်ရိုးညွှန်းတမ်း စာအုပ်များ အရည်အသွေး ကောင်းမွန်စံချိန်မီရေး၊ အချိန်မီ ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။

 

သတင်းစဉ်