နေပြည်တော်၊ နိုဝင်ဘာ ၂၆

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ All- China Youth Federation မှ Mr. Zhou Xiaoping ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Navata Hotel ၌ လက်ခံတွေ့ဆုံသည်။

 

ဆွေးနွေး

 

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ မီဒီယာအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာ အကူအညီပေးရေး၊ ပြည်သူများအကြား သတင်းအမှားများပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးနှင့် သတင်းအမှန်များ လျင်လျင်မြန်မြန် သိရှိနိုင်ရေး၊ ရုပ်မြင်သံကြား၊ ပုံနှိပ်မီဒီယာများအပြင် New Media ကဏ္ဍတွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရချင်းသာမက ပြည်သူများအချင်းချင်း ရင်းနှီးကျွမ်းဝင်နားလည်မှုရှိစေရေး၊ နှစ်နိုင်ငံ ကုန်သွယ် ရေး၊ စီးပွားရေး၊ လူမှုရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြား ကဏ္ဍများတွင်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်သွားရေးကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော် Mr. Zhou Xiaoping နှင့်အတူ နေ့လယ်စာသုံးဆောင်ပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

 

ညနေပိုင်းတွင် All-China Youth Federation မှ Mr. Zhou Xiaoping ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိကြပြီး ပင်မအဆောက်အအုံအတွင်း ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့် တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်း စတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံး အဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများကိုလည်းကောင်း ကြည့်ရှုလေ့လာကြသည်။

 

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ မဟာဗောဓိဂြိုဟ်ရှစ်ခွင် ဘုရားဆီမီးတစ်ထောင် ပူဇော်ပွဲသို့တက်ရောက်၍ MRTV ပန်းခြံ၌ ကျင်းပ သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ တန်ဆောင်တိုင်ပွဲတော်တွင် နိဗ္ဗာန်ဈေးပွဲတော် ကံစမ်းမဲဖောက်ပေးခြင်း၊ Channel များအလိုက် ပျော်ရွှင်ဖွယ်ကစားနည်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခြင်း၊ တန်ဆောင်တိုင်ရိုးရာ စတုဒိသာ ကျွေးမွေးခြင်းနှင့် MRTV ခေတ်ပေါ်တီးဝိုင်းအဖွဲ့၏ ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

သတင်းစဉ်