နေပြည်တော် ဒီဇင်ဘာ ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)တွင် ကွန်ပျူတာအခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် အကြီးတန်းစာရေး၊ အငယ်တန်းစာရေး ရုံးလုပ်ငန်း(မွမ်းမံ) သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများ၊ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ) ကျောင်းအုပ်ကြီးနှင့် သင်တန်းဆရာ/ ဆရာမများ၊ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်ပြီး နှစ်စဉ်ဌာနတွင်း သင်တန်းများကို ဝန်ထမ်းအလွှာ အသီးသီးအတွက် ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ပါကြောင်း၊ ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သည် ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများကို ဝန်ထမ်းအရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများပို့ချ သင်ကြားပေးသည့် တစ်ခုတည်းသော သင်တန်းကျောင်းဖြစ်ပြီး နိုင်ငံတော်အတွက် ကာလတို၊ ကာလရှည် စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအရေးပါသည့် အခန်းကဏ္ဍဖြစ်၍ တိုးတက်မြင့်မားလာသော နည်းပညာအချက်အလက်များကို ခေတ်နှင့်အညီ လူ့စွမ်းအားအရင်းအမြစ် (Human Resources)များ မြှင့်တင်ပေးနိုင်ရေး စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ သင်တန်းကျောင်းသို့ တက်ရောက်သင်ကြားနေသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်၊ လူ့ကျင့်ဝတ်များကို နားလည်သိရှိပြီး စည်းကမ်းရှိသော ဝန်ထမ်းကောင်းများ ဖြစ်လာအောင် လေ့ကျင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
သင်တန်းသားများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ မိမိတို့ဌာနကပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံကြိုးစား အားထုတ်ပြီး နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေကာ ကိုယ်စီကျရာ တာဝန်များကို ကြိုးစားထမ်းဆောင်ခြင်းဖြင့် မိမိကိုယ်တိုင်နှင့် ဌာန၏ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်