နေပြည်တော်၊ ဇွန် ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဆောက်အဦ ဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် နဝဒေးလမ်းရှိ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံ ဗိသုကာကောင်စီကို ပထမဆုံး အကြိမ်အဖြစ် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပညာရပ်ဆိုင်ရာအသင်းအဖွဲ့များ၊ ဝါရင့်ဗိသုကာ ပညာရှင်များဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ဖွဲ့စည်းခဲ့ပြီး ကောင်စီ၏သက်တမ်းကို (၄) နှစ် သတ်မှတ်ခဲ့ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြန်လည် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုတတိယအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် မေ ၂၀ တွင် ကောင်စီဝင် (၂၂) ဦးဖြင့် ထပ်မံပြင်ဆင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဗိသုကာပညာရပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် (Human Resources) မြှင့်တင်သည့်လုပ်ငန်းကို ပိုမိုဆောင်ရွက်စေလိုပြီး လိုအပ်ချက်များကို ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဗိသုကာကောင်စီ အနေဖြင့်လည်း အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကိုလည်း လိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ၏ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက တစ်ဦးချင်း မိမိတို့တာဝန်ယူ ဆောင်ရွက်နေကြသော လုပ်ငန်းနယ်ပယ်များကို မိတ်ဆက်တင်ပြကြပြီး မြန်မာနိုင်ငံ ဗိသုကာ ကောင်စီ ဥက္ကဋ္ဌက ကောင်စီ၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များကို ဖြန့်ခွဲ ဆောင်ရွက်နေမှု၊ ဗိသုကာပညာရပ်ကဏ္ဍ တိုးတက်လာစေရေးအတွက် နိုင်ငံတကာနှင့်ချိတ်ဆက် ဆောင်ရွက်နေမှု၊ ကောင်စီအနေဖြင့် နည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ ဘွဲ့ရ နည်းပညာ ကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ မှတ်ပုံတင်ဗိသုကာလက်မှတ်၊ ဗိသုကာလိုင်စင်၊ အကြီးတန်း ဗိသုကာလိုင်စင်၊ နိုင်ငံခြားသား ဗိသုကာမှတ်ပုံတင်လက်မှတ်တို့ကို သတ်မှတ်အရည်အချင်း၊ စည်းကမ်းချက်များနှင့်အညီ စိစစ်ထုတ်ပေးနေမှုနှင့် မှတ်ပုံတင်လက်မှတ်များ သက်တမ်းတိုး လျှောက်ထားလာပါက သတ်မှတ်အရည်အချင်းများကို စိစစ်ပြီး သက်တမ်းတိုး ဆောင်ရွက်ပေးသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပညာရပ်ဆိုင်ရာစံချိန်စံညွှန်းပြည့်မီရေး၊ နည်းစနစ်မှန်ကန်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းစောင့်စည်းရေး ကဏ္ဍတို့ကို ကောင်စီမှ စနစ်တကျကြီးကြပ် ထိန်းသိမ်းစေလိုကြောင်း၊ မြန်မာနိုင်ငံ အဆောက်အအုံ ဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ - ၂၀၂၄ (Myanmar National Building Code -2024) ကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ရာတွင် ဗိသုကာဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံဗိသုကာ ကောင်စီမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် ဗိသုကာပညာရပ်ဆိုင်ရာ သင်ကြားမှု အဆင့်အတန်း မြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသော ပညာရှင်များ ပေါ်ပေါက်စေရေးတို့အတွက် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


