နေပြည်တော် ဇွန် ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၄၅/၇)တွင် တံတားဦးစီးဌာန တံတားအထူးဖွဲ့(၆)မှ တာဝန်ယူတည်ဆောက် နေသည့် နဝင်းချောင်းတံတား အရှည်ပေ (၁၉၀)အား မူလ(၂)လမ်းသွားတံတားမှ (၄)လမ်း သွားတံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းခွင်ရှင်းလင်း ဆောင်၌ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိဆောင်ရွက်နေမှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက မိုးတွင်းကာလ ရောက်ရှိပြီဖြစ်၍ တံတားတိုင်လုပ်ငန်းများနှင့် တံတား၏  Up Stream  နှင့်  Down Stream တို့၏ မြေထိန်းနံရံလုပ်ငန်းများကို သတ်မှတ်အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများအ တိုင်း  အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ယာဉ်သွားလာမှုများပြားသည့် အတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယခုတိုးချဲ့တည်ဆောက်နေသည့် နဝင်းချောင်းတံတားသည် အရှည်ပေ(၁၉၀)ရှိပြီး လက်ရှိ ၂ လမ်းသွား တံတားအဆင့်မှ ၄ လမ်းသွား တံတားအဆင့်သို့ တိုးချဲ့တည်ဆောက် ခြင်းဖြစ်ပြီး လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဧပြီ (၁) ရက်မှစ၍ တည်ဆောက်ခဲ့ရာ တံတားကြီး ပြီးစီးပါက ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ တံတားနေရာ၌ ယာဉ်ကြောကြပ် တည်းမှုများ လျှော့ချနိုင်မည့်အပြင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းရှင်းစွာသွား လာနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခင် ၄ လမ်းသွားအဆင့်မှ ၆ လမ်းသွား အဆင့် လမ်းတာဘောင် တိုးချဲ့ဆောင်ရွက်နေမှု၊ လမ်းကြောင်း တစ်လျှောက် လမ်းဘေး ဝဲ / ယာတွင် ယခင်နှစ်များက စိုက်ပျိုးထားရှိပြီးသော အပင်များ ရှင်သန်ဖြစ်ထွန်းနေမှု၊ လမ်း ဘေး ဝဲ/ယာ၌ လမ်းနယ်အတွင်း ရေဝပ်သည့်နေရာများကို မြေဖို့ဆောင်ရွက်နေမှု၊ ယခင် စိုက်ပျိုးပြီး ပျက်စီးသွားသော အပင်များကို အစားထိုးစိုက်ပျိုးထားရှိမှုနှင့် ယခုနှစ် မိုးတွင်း ကာလတွင် လမ်းဘေး ဝဲ/ယာတစ်လျှောက် အပင်များ ထပ်မံစိုက်ပျိုးနေသည့် အခြေအနေ များကို  ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယခုလမ်းပိုင်းကို Master Plan အနေဖြင့်  ၆ လမ်းသွားအဆင့် တိုးမြှင့်ဆောင်ရွက်ရန် လျာထားပြီး ပထမအဆင့်အနေဖြင့် ၄ လမ်းသွား အဆင့် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ယခုတိုးချဲ့ဆောင်ရွက်နေသည့် လမ်းတာဘောင်ကို သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ထားရန်လိုကြောင်း၊ လမ်း ဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များကို Tree Guard များ အသုံးပြုပြီး အကာအကွယ်ပြုလုပ်ထားရန်နှင့် မိုးတွင်းကာလ တစ် လျှောက်စစ်ဆေး၍ လိုအပ်ပါက အစားထိုးလဲလှယ် စိုက်ပျိုးခြင်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်