နေပြည်တော်၊ အောက်တိုဘာ ၁၉

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းတွင် Expoforum Exhibition and Convention Center ၌ ကျင်းပသည့် “တတိယအကြိမ် World Construction Championship” ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

 

ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတမှ ပေးပို့သော မိန့်ခွန်းအား ဖတ်ကြား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆောက်လုပ်ရေးနှင့် အိုးအိမ်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဆောက်လုပ်ရေးဆိုင်ရာ အကြီးအကဲများက အမှာစကားပြောကြားကြသည်။

 

ထို့နောက် တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပြိုင်ပွဲအတွက် ပူးပေါင်းဆောင်ရွက်နေသော ဆောက်လုပ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို မိတ်ဆက် တင်ပြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ခင်းကျင်းပြသထားသော ပြခန်းများနှင့် ပြိုင်ပွဲပြုလုပ်မည့်နေရာများသို့ လိုက်လံကြည့်ရှုလေ့လာကြသည်။

 

အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေးနှင့် အိုးအိမ်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသူများနှင့် အတူ Smart City Conference , Russia – ASEAN Digital Space ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

 

အဆိုပါဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေးနှင့်အိုးအိမ်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဆောက်လုပ်ရေးကဏ္ဍမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အာဆီယံနိုင်ငံများမှ ဆောက်လုပ်ရေး ဝန်ကြီးဌာနအကြီးအကဲများက Smart City နှင့် သက်ဆိုင်သော နည်းပညာ၊ အချက်အလက်နှင့် ပန်းတိုင်ထားရှိ ဆောင်ရွက်နေသည့် အခြေအနေနှင့် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

Smart City Conference , Russia – ASEAN Digital Space ဆွေးနွေးပွဲတွင် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးမှုပန်းတိုင်များ (SDGs) နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများအကြား ကွာဟချက်များကို နည်းပညာဖြင့် ပေါင်းကူးပေးခြင်းဖြင့် စမတ်မြို့များ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်ရန်၊ သတင်းအချက်အလက်များ၊ ဆက်သွယ်ရေးနည်းပညာများ (ICT)နှင့် အခြားနည်းပညာဆိုင်ရာ နည်းလမ်းများကို အသုံးပြုကာ ဆန်းသစ်တီထွင်ထားသော မြို့များကို ဖော်ထုတ်ခြင်းဖြင့် လူနေမှုဘဝ အရည်အသွေး ၊ မြိုပြလုပ်ငန်း ဆောင်တာများနှင့် ထိရောက်သော ဝန်ဆောင်မှုများဖြင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိစေ၍ ယနေ့ခေတ်နှင့် အနာဂတ်မျိုးဆက်များ၏ လိုအပ်ချက်များကို ပိုမိုတိုးတက်စေရန်၊ နည်းပညာအဆင့်မြင့် ရုံသာမက ရေရှည်တည်တံ့သော Smart City များကို အတူတကွ ဖန်တီးနိုင်ရန်နှင့် စမတ်မြို့ ကြီးများသည် လူမှုပတ်ဝန်းကျင်အား ပိုမိုကောင်းမွန်သော နေထိုင်မှုစနစ်နှင့် ရေရှည်တည်တံ့ကာ သာယာဝပြောသော လုံခြုံသည့်အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်၍ စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဦးတည်၍ ဆွေးနွေးခဲ့ကြသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက စုပေါင်းဆွေးနွေးတင်ပြသည့် New Times Technology; Construction Site of the Future Conference သို့ တက်ရောက်ခဲ့ပြီး 3rd World Construction Championship ၏ ExpoForum အတွင်း ပြသထားသော ပြခန်းများနှင့် ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်