နေပြည်တော် နိုဝင်ဘာ  ၂၁

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၂၃/၁)ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) ၄ လမ်းသွားတံတားသစ် တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် ဘောဂသီရိ အဝေးပြေးကားဝင်းကြားရှိ လမ်းဆုံ (Junction)တွင် ယာဉ်သွားလာမှု စနစ်တကျ ဖြစ်စေရေးအတွက် လမ်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဆင်သေချောင်း တံတား(ကျောက်ချက်) တံတားအသစ် အရှည်(၂၁၀)ပေ တိုးချဲ့တည်ဆောက်နေသည့် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင် ၌ ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  Master Plan အနေဖြင့် ၆ လမ်းသွားဖြင့်လျာထားပြီး ပထမအဆင့် အနေဖြင့် ၄ လမ်း သွားအဆင့် ဆောင်ရွက်ထားမှု၊ တံတားအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ပြည့်ဝစွာ ဆောင်ရွက်ထားရှိမှု၊ တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ချောင်းရေတိုက်စားမှု မဖြစ်ပေါ်စေရေး မြစ်ချောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် သက်ဆိုင်ရာဌာနများက ဆက်လက်ဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးမြေများ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ချောင်းရေတင် စနစ်ဖြင့် အသုံးပြုနိုင်ရန် ဆင်သေချောင်း၏  Down Stream  ၌ ယာယီရေထိန်း ဆောင်ရွက်ရန် လိုအပ်မှု၊ လမ်းဆုံ (Junction)တွင် ယာဉ်သွားလာမှု စနစ်တကျဖြစ်စေရေး ယာဉ်ကြောပြင်ဆင် သတ်မှတ်ထားရှိမှု၊ လမ်းအချက်ပြ ဆိုင်းဘုတ် (Road Sign)များ စနစ်တကျဆောင်ရွက်မည့် အခြေအနေနှင့် ယာဉ်များအဆင်ပြေချောမွေ့စွာ သွားလာ နိုင်ရေး လမ်းတိုးချဲ့ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆင်သေချောင်းတံတား ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေလမ်းကြောင်း ထိန်းသိမ်းရေး၊ ချောင်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ ဆင်သေချောင်းတွင် ယာယီရေထိန်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။

 

ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ဆင်သေချောင်းတံတား (ကျောက်ချက်) တည်ဆောက်ပြီးစီးမှု၊ တံတားအောက်ရေလမ်းကြောင်း ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်သာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ တံတားနှင့် ဘောဂသီရိ အဝေးပြေးကားဝင်းကြားရှိ လမ်းဆုံ (Junction)တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်သွားလာမှုစနစ်တကျ ဖြစ်စေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)